၄၈ လမ်း မီးလောင်မှုတရားခံများ အယူခံဝင်မည်

၄၈ လမ်း မီးလောင်မှုတရားခံများ အယူခံဝင်မည်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ရေကျော်ဗလီ(ခ)ဆွာစီတီးယာဗလီ
စာသင်ကျောင်း မီးလောင်မှုကြောင့် စာသင်သား လူငယ် ၁၃ ဦးသေဆုံးမှုနှင့် ပတ်သက်ပြီး
မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရှစ်နှစ်စီချမှတ်ခြင်းခံရသော ဗလီဆရာနှစ်ဦးနှင့်
ပတ်သက်ပြီး အကျိုးဆောင်များက ခရိုင်တရားရုံးသို့ အယူခံဝင်မည်ဟုဆိုသည်။

ဖမ်းဆီးတရားစွဲဆိုခြင်းခံရသည့် ဗလီဆရာ နှစ်ဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးက
အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားသဖြင့် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၂၈၅ (ဒုတိယပိုင်း)အရ
အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီကျခံစေရန်နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ က အရ ထောင်ဒဏ်
ခြောက်နှစ်ကျခံစေရန် ဧပြီလ ၂၄ ရက်နေ့ က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီ ငါးမိနစ်အချိန်ခန့်တွင် အဆိုပါ ဘာသာရေး
အဆောက်အအုံ လှေကားအောက်ရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲရာက မီးစတင်လောင်ကျွမ်း
ခဲ့ပြီး စာသင်သားလူငယ် ၁၃ ဦး မီးခိုးမွန် မီးလောင်ကျွမ်းသေဆုံးခဲ့သလို ကျပ်ရှစ်သိန်းခွဲ တန်ဖိုးခန့်
ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် မီးပေါ့ဆစွာအသုံးပြုသူ ကိုဇေယျာဖြိုး(ခ) နူဂိုလာ(၃၃ နှစ်)နှင့်
ကိုခင်မောင်အေး(ခ) သွာစိန် (၃၅ နှစ်)တို့ကို အရေးယူပေးရန် မြို့နယ် ရဲစခန်းက တရားစွဲဆို
တင်ပို့ခဲ့မှုဖြစ်သည်။

မြို့နယ်တရားရုံး၏ စီရင်ချက်တွင် "တရားခံ နှစ်ဦးက မီးအားမြှင့်စက်ကို ၀ယ်ယူ တပ်ဆင်ထား
သည်ကို မသိရှိဟုဆိုသော်လည်း၊ ညမအိပ်ခင် စစ်ဆေးကြည့်ရှုရန် လိုအပ်သည်။ မီးအားမြှင့်စက်
အနီးတွင် မီးလောင်လွယ်သည့် ပစ္စည်းများမထားရန်လိုကြောင်း၊ ၀တ်ပြုသည့်အကျႌများ
မထားရှိရန်ကိုလည်း စစ်ဆေးရန် ပျက်ကွက်ခဲ့သည်။ ညမအိပ်ခင် ၎င်းတို့ ကိုယ်တိုင်သော်
လည်းကောင်း အရွယ်ရောက်ရှိနေပြီဖြစ်သည့် ကျောင်းသားများကိုသော်လည်းကောင်း၊
မီးအားမြှင့်စက်တွင် မီးအားမြင့်ထားခြင်း ရှိမရှိ စစ်ဆေးမှာကြားရန် ပေါ့လျော့ပျက်ကွက်ခဲ့သည်ကို
တွေ့ရှိခဲ့သည်။ ပေါ့လျော့မှုကြောင့် မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်ခဲ့ကြောင်း
ထိုမှတစ်ဆင့် လောင်စာများကိုမီးကူး လောင်ကျွမ်းခဲ့ပြီး လူအသက်အန္တရာယ်ကို ဖြစ်ပေါ်စေခဲ့
ကြောင်းပေါ်ပေါက်ခဲ့သည်။

"မီးလောင်မှုကြောင့် လူငယ် ၁၃ ဦးသေဆုံးခဲ့မှုသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄ က ကို
ကျူးလွန်ကြောင်း ထင်ရှားသည်။ သက်သေခံကျေအေးရုပ်သိမ်းလွှာတွင် သေဆုံးသူ လူငယ်
၁၃ ဦး၏ မိဘ၊ ဦးလေး၊ အုပ်ထိန်းသူများက လက်မှတ်ထိုးတင်ပြထားသည်ကိုတွေ့ရသည်။
တရားစီရင်ရေးမူတွင် ပြည်သူအချင်းချင်းဖြစ်ပွားသည့် ကိစ္စရပ်များကို ဥပဒေဘောင်အတွင်းမှ
ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည်။ ထိုနည်းအတူ အများပြည်သူများ၏ အသက်အိုးအိမ်
ကိုလည်း ကာကွယ်စောင့်ရှောက်ပေးရန် တရားရုံးများ၌ တာဝန်ရှိသည်"ဟု ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး