အီလက်ထရွန်းနစ် အမှိုက်များအတွက် တိကျသော အစီအစဉ်များ မရှိသေး

အီလက်ထရွန်းနစ် အမှိုက်များအတွက် တိကျသော အစီအစဉ်များ မရှိသေး

လက်ကိုင်ဖုန်း၊ တီဗီ၊ ရေခဲသေတ္တာ စသည့် အီလက်ထရွန်းနစ်ပစ္စည်းအဟောင်းများကို စွန့်ပစ်ရာမှ
ဖြစ်ပေါ်လာသည့် အီလက်ထရွန်းနစ် အမှိုက်များကို စွန့်ပစ်ရန်နှင့် ထိန်းသိမ်းရန် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီတွင် တိကျသော စီမံချက်များ မရှိသေးကြောင်း အဆိုပါဌာနမှ
အရာရှိကြီးတစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါ အီလက်ထရွန်းနစ် အမှိုက်များကို ပြန်လည်ပြုပြင်သုံးစွဲရေး အကောင်အထည်
ဖော်ရန်လည်း မြို့တော်စည်ပင်က မူဝါဒ ချမှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။

အီလက်ထရွန်းနစ် အမှိုက်များတွင် လူနှင့် ပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်စေတတ်
သည့် ပြဒါး၊ ခဲ စသည့် သတ္တုများပါ၀င်သလို ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လူ့ကျန်းမာရေး
အတွက်လည်း ထိခိုက်စေနိုင်သော်လည်း ရန်ကုန်မြို့တော်စည်ပင်အနေဖြင့် မကိုင်တွယ် နိုင်သေး
ခြင်းဖြစ်သည်။

သို့သော် ၂၀၁၃ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးဥပဒေမူကြမ်းတွင် အီလက်ထရွန်းနစ်
ဆားကစ်၊ ဘက်ထရီစသည့်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရမည့် ပြဋ္ဌာန်းချက်ကို ထည့်သွင်း
ထားကြောင်း မြို့တော်စည်ပင်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ အကြီးတန်း
အရာရှိတစ်ဦးက ပြောသည်။

ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာလုံးဆိုင်ရာ အကြံပေးအဖွဲ့ကြီးဖြစ်သည့် ့United Nations
University ၏ ၂၀၁၂ ခုနှစ် စစ်တမ်းတွင် မြန်မာနိုင်ငံ၌ တစ်နိုင်ငံလုံးအတိုင်းအတာအရ
အီလက်ထရွန်းနစ်အမှိုက် ၅၂ မက်ထရစ်ကီလို တန်ကျော် ရှိနေကြောင်းဖော်ပြထားသည်။

မြို့တော်စည်ပင်တွင်မူ ရန်ကုန်မြို့၌ အီလက်ထရွန်းနစ်အမှိုက် မည်မျှရှိသည်ကို တိကျစွာ
တွက်ချက် စစ်တမ်းကောက်ထားသည့် အချက်အလက် မရှိကြောင်း အဆိုပါ အကြီးတန်းအရာရှိ
က ပြောသည်။

"ရန်ကုန်မှာ အီလက်ထရွန်းနစ်အမှိုက် စွန့်ပစ်ခြင်းမှာ အလွန်နည်းပါးပါတယ်။ သုံးစွဲသူတို့ရဲ့
သဘော သဘာဝအရ (လျှပ်စစ်ပစ္စည်းများ) ပျက်သွားသည့်တိုင်အောင် သိမ်းဆည်းထားတဲ့
အကျင့်ရှိနေပါသေးတယ်။ စွန့်ပစ်ရန်ကိုလည်း ၀န်လေးကြတယ်"ဟု မြို့တော်စည်ပင်၏
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။

ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညို က အီလက်ထရွန်းနစ်အမှိုက်များ၏ အဆိပ်သင့်မှု
သည့် လတ်တလော လက်ကိုင်ဖုန်းသုံးစွဲမှုနှုန်း နည်းပါးနေသေးသည့်အချိန်၊ အီလက်ထရွန်းနစ်
ပစ္စည်းအဟောင်းများကို စွန့်ပစ်မှုနည်းသေးသည့်အချိန်တွင် ကြီးမားသည့် ပြဿနာမဖြစ်သေး
သော်လည်း လာမည့် ဆယ်စုနှစ် နှစ်ခုခန့်တွင် ပြဿနာတစ်ရပ်သဖွယ် ရင်ဆိုင်လာရနိုင်ခြေ
ရှိသည်ဟု သုံးသပ်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အစည်းဖြစ်သည့် စိမ်းလန်းအမိမြေ၏ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ
က "အီလက်ထရွန်းနစ်အမှိုက် မပြောနဲ့၊ ရိုးရိုးအိမ်သုံး အမှိုက်တောင်မှ စွန့်တဲ့ စနစ်က
ကောင်းကောင်း မရှိသေးဘူး။ ကျင်းတူး ပြီးမြှုပ်တယ်လို့ပြောပေမယ့် အဲဒီလိုကျင်းတူးပြီး
မြှုပ်လို့မရဘူး။ စနစ်တကျလုပ်ဖို့ ဒီမှာ ဘာမှ အဆင်သင့်မဖြစ်သေးဘူး" ဟု မြန်မာတိုင်း(မ်)
ကိုပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး