ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့အတွင်း သွားလာပြေးဆွဲနေသော
အငှားယာဉ်များ အဆင်ပြေစွာ လူတင်လူချလုပ်ဆောင်နိုင်ရန်အတွက် အငှားယာဉ်ဂိတ်
(Taxi Stand) များကို သတ်မှတ်ပေးသွား မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က ဧပြီလ
၂၉ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေး၌
ပြောကြားလိုက်သည်။
"လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ စွမ်းအင်ဝန်ကြီးဌာနရုံးဟောင်းရှေ့၊ လသာမြို့နယ်
ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့တွေမှာ စမ်းသပ်နေရာတွေ သတ်မှတ်ပြီး
ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စာရင်းဇယားတွေ ပြည့်စုံစွာ ရရှိတဲ့အချိန်မှာ အငှားယာဉ်တွေ
အတွက် လူတင်လူချလုပ်နိုင်မယ့် Taxi Stand များကို စနစ်တကျစိစစ်ပြီး သတ်မှတ်ဆောင်ရွက်
ပေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
"လက်ရှိအခြေအနေမှာ အငှားယာဉ်များ အပါအဝင် ယာဉ်အရေအတွက်များပြားပြီး ယာဉ်ကြော
ကျပ်တည်းမှုတွေရှိလာလို့ အငှားယာဉ်များအတွက် လူတင်လူချလုပ်နိုင်မယ့် Taxi Stand များ
ဆောင်ရွက်ပေးသွားရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်းအလိုက်
ခရီးသွား ခရီးသည်အရေအတွက် စစ်တမ်းကောက်ယူခြင်း၊ ခရီးသွား ခရီးသည် သွားလာသည့်
အများစုအချိန်မှာ လမ်းကြောင်း စာရင်းများ ကောက်ယူခြင်း၊ လမ်းအလိုက် သွားလာသည့်
မော်တော်ယာဉ်စာရင်း(Traffic Control Account) ကောက်ယူခြင်း၊ အငှားယာဉ်မောင်းတွေရဲ့
ဆန္ဒသဘောထားများ ကောက်ယူခြင်း၊ အငှားယာဉ်စီးသူများ၏ ဆန္ဒ သဘောထားများ
ကောက်ယူခြင်း၊ လုပ်ငန်းများ ပြည့်စုံစွာ ရရှိစေဖို့အတွက် လအလိုက်စီမံချက်တွေ ရေးဆွဲပြီး
စာရင်းဇယားများ ရယူဆောင် ရွက်လျက်ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့အတွင်း အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ ကိုအောင်ကျော်ဆန်းက
အငှားယာဉ်မောင်းများအတွက် အငှားယာဉ်ဂိတ် (Taxi Stand) များကို သတ်မှတ်ပေးခြင်းသည်
ခဏတာသာ အလုပ်ဖြစ်မည်ဖြစ်ပြီး ရေရှည်တွင်လည်း အောင်မြင်လာနိုင်ဖွယ်မရှိဟု
ထင်မြင်မိကြောင်း ပြောသည်။
"ဆေးရုံကြီးရှေ့ဆို အရင်ကလည်း အငှားယာဉ်တွေ ရပ်နေတာပဲ။ လမ်းထိပ်တွေမှာဆိုလည်း
အနည်းဆုံး သုံးစီးကတော့ရှိတာပဲ။ ဒီလိုကြီး Taxi Stand ဆိုပြီး တိတိကျကျကြီး လုပ်ရင်လည်း
လူတွေက အဲဒီကိုလာစီးမှာ မဟုတ်ဘူး။ ကြံုသလိုပဲတားမှာပဲ။ ရေရှည်မရ ပါဘူး။ တစ်လ၊ နှစ်လ
နေရင် အရင်ပုံစံပဲ ပြန်ဖြစ်သွားမှာပဲ" ဟု ၎င်း၏ အမြင်ကို ပြောသည်။
မြို့တော်စည်ပင်သည် Taxi Stand များကဲ့သို့ ကားပါကင်များကို ယခင်က ဗိုလ်ချုပ်အောင်ဆန်း
လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်
ဘုရားလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ သိမ်ဖြူလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ပန်းဆိုးတန်းလမ်း၊
ရွှေဘုံသာလမ်း၊ လသာလမ်း၊ လမ်းမတော်လမ်း၊ ဘုန်းကြီးလမ်းနှင့် မော်တင်လမ်းတို့တွင်
သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
"အရင်ကလည်း လုပ်ခဲ့တာပါ။ အဆင်မှ မပြေခဲ့တာ။ ခရီးသည်တွေက အဲဒီကို သပ်သပ်ကြီး
မလာတော့ ကျွန်တော်တို့အတွက်လည်း အဆင်မပြေဘူး"ဟု အငှားယာဉ်မောင်း ကိုဝင်းထွန်းက
ပြောသည်။
















