ရန်ကုန်မြို့တော်၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်ဖြစ်နေဦးမည်

ရန်ကုန်မြို့တော်၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဆက်ဖြစ်နေဦးမည်

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့ ဆောင်ရွက်သည့်လုပ်ငန်းများ ကျန်ရှိနေသေးသည့်
အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်ဖြစ်နေဦးမည်ဟု ရန်ကုန်တိုင်းဒေသကြီး
လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။

ဧပြီလ ၂၈ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၌
ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က
လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ယူတော့မည်ဖြစ်သည့်အတွက် လျှပ်စစ် မီးအားနည်းခြင်း၊
မီးပြတ်တောက်ခြင်းများ မရှိစေရန် မည်သို့ဆောင်ရွက်မည်ကို မေးမြန်းခဲ့ရာ ၎င်းက ထိုသို့
ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ ဓာတ်အားလိုင်းကြိုးအဟောင်းတွေကို
အသစ်လဲလှယ်ပြီး တိုးချဲ့တည်ဆောက်နေပေမယ့် ဗို့အားပြည့်နေတဲ့ ဓာတ်အားလိုင်းကြိုး
လဲလှယ်ခြင်းလုပ်ငန်းတွေက ကျန်ရှိနေသေးတဲ့အတွက် လျှပ်စစ်မီးအားနည်းခြင်းနဲ့ မီးပြတ်တောက်
ခြင်းတွေ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကတော့
ဘဏ္ဍာနှစ်အတွင်းမှာ အပိုင်းလိုက် ဆောင်ရွက်ပေးနိုင်ရေး လျာထားဆောင်ရွက် ပေးသွားပါ့မယ်"
ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု လက်မှုဝန်ကြီးဌာန ၀န်ကြီး၏ ပြောကြားချက်အရ
ရန်ကုန်တိုင်းဒေသကြီးတွင် နွေရာသီကာလ၌ လျှပ်စစ်ဓာတ်အားကို နေ့အချိန်တွင် ၈၄၇ ဒသမ
၇၁ မဂ္ဂါ၀ပ်နှင့် ညအချိန်တွင် ရ၇၉ ဒသမ ၈၄ မဂ္ဂါ၀ပ် သုံးစွဲလျက်ရှိနေကြောင်း သိရသည်။

"နွေရာသီကာလမှာ လက်ရှိသုံးစွဲတဲ့ ၀န်အား ထက်ပိုပြီး အနည်းဆုံး ငါးရာခိုင်နှုန်း၊ ၅၀ မဂ္ဂါ၀ပ်
လောက် တိုးတက်သုံးစွဲလာမယ်လို့ ခန့်မှန်းတွက်ချက် ရရှိတဲ့အတွက် နွေရာသီကာလမှာ
ရန်ကုန်တိုင်းဒေသကြီးရဲ့ ဓာတ်အားသုံးစွဲမှုက ၉၀၀ မဂ္ဂါ၀ပ်အထိ ရှိလာမှာ ဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ
ပြတ်တောက်မှုမရှိစေရန်နှင့် လျှပ်စစ်ဝန်အား လျှော့၍ အလှည့်ကျ ဓာတ်အားပြတ်တောက်မှုများ
မရှိစေရန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ပြီး ဓာတ်အား
ထုတ်လွှတ်ပေးလျက်ရှိရာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအဖြစ် သာကေတ၊ လှော်ကားနှင့် ရွာမတို့တွင်
၅၀၀ အမ်ဗီအေ မဂ္ဂါ၀ပ် သုံးလုံး၊ ၁၅၀ မဂ္ဂါ၀ပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင် ဓာတ်အားပေးစက်များ၊
အလုံတွင် ၁၂၀ မဂ္ဂါ၀ပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံများနှင့် ရွာမတွင် ထိုင်းနိုင်ငံ
အစိုးရက လွှဲပြောင်းပေးအပ်သည့် ၁၂၀ မဂ္ဂါ၀ပ် နှစ်လုံး၊ ၂၄၀ မဂ္ဂါ၀ပ်စက်ရုံများကို အသစ်
တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားများ ကို တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့နေပြည်သူများ ဗို့အား ပြည့်ပြည့်ဝ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ၆၆ ကေဗီ ဓာတ်အားလိုင်း ၉၉ ဒသမ ၄၃၅ မိုင်၊ ၃၃ ကေဗီအေ ဓာတ်အားလိုင်း
၇၇၀ ဒသမ ၉၁၃ မိုင်၊ ၁၁ ကေဗီအေ ဓာတ်အားလိုင်း ၁၁၀၈ ဒသမ ၉၀၂ မိုင်၊ ၆ ဒသမ
၆ ကေဗီအေ ဓာတ်အားလိုင်း ၆၆၈ ဒသမ ၃၇၉ မိုင်၊ ၄၄၀ ဗို့ ၃,၃၁၆ ဒသမ ၂၆၆ မိုင် စသည်ဖြင့်
တိုးချဲ့တည်ဆောက်ခဲ့ပြီးဖြစ်သည်ဟု ဦးဉာဏ်ထွန်းဦး ကပြောသည်။

မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ပမာဏ လိုအပ်ချက်ကို ပြည့်မီနိုင်ဦးမည် မဟုတ်ဘဲ
ထပ်မံလိုအပ်နေဦးမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက
ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဓာတ်အား နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့်စီ တိုးတက်သုံးစွဲနေရာ ယခုနှစ် နွေရာသီတွင်
၂,၃၇၀ မဂ္ဂါ၀ပ်၊ ၂၀၁၅ ခုနှစ် နွေရာသီတွင် ၂,၈၄၄ မဂ္ဂါ၀ပ်နှင့် ၂၀၁၆ ခုနှစ်တွင် ၃,၉၅၀ မဂ္ဂါ၀ပ်ခန့်
သုံးစွဲနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ကာလရှည်စီမံချက်အရ ဓာတ်အား လိုအပ်ချက်မှာ ၂၀၂၀ ခုနှစ်တွင် ၅,၆၈၆ မဂ္ဂါ၀ပ် နှင့်
၂၀၃၀ ခုနှစ်တွင် ၁၉,၂၁၆ မဂ္ဂါ၀ပ်အထိ တိုးတက်သုံးစွဲလာနိုင်မည်ဟု အစိုးရက ခန့်မှန်းထားသည်။

ထိုကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးတွင် လိုအပ်ချက်များရှိနေသော်လည်း
လျှပ်စစ်ဓာတ်အား သုံးစွဲခများကိုမူ ဧပြီလကုန်တွင် စတင်တိုးမြှင့် ကောက်ယူတော့မည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး