ဒလတစ်မြို့လုံး အတိုင်းအတာဖြင့် ရေရရှိရန် ခက်ခဲနေသေး

ဒလတစ်မြို့လုံး အတိုင်းအတာဖြင့် ရေရရှိရန် ခက်ခဲနေသေး

ရေချိုရရှိရန် ခက်ခဲသော ပျံကျနေထိုင်သူများပြားသည့် ဒလမြို့နယ်ရှိ ရာဇသင်္ကြန်ရပ်ကွက်အတွင်း
အများသုံးရေရရှိရေးအတွက် အချိန်ပိုင်းစနစ်ဖြင့် ဧပြီလ ၃၀ ရက်နေ့မှ စတင်ပေးဝေနေပြီ
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)
ဌာန၊ ဒလမြို့နယ်ကော်မတီ တာဝန်ခံ ဦးနေဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

သို့သော် စည်ပင်ရေရရှိနိုင်ရန် နေအိမ် ပိုင်ဆိုင်မှုရှိသူများသာ လျှောက်ထားနိုင်သဖြင့် ရာဇသင်္ကြန်
ရပ်ကွက်တွင် စည်ပင်ရေရှိသည့် အိမ်ခြေပေါင်း ရာဂဏန်းခန့်သာ ရှိသေးသည်။

ထို့ကြောင့် ပျံကျနေထိုင်ကြသူ များပြားသည့်နေရာများတွင် အများစုပေါင်း အသုံးပြုနိုင်ရန်အတွက်
ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရာဇသင်္ကြန်ရပ်ကွက် မင်းတုန်းလမ်းထိပ်နှင့် ရာဇသင်္ကြန် အနောက်ပိုင်းတို့တွင် ရေပိုက်ခေါင်း နှစ်ခုတပ်ဆင်ကာ ရေပေးဝေနေပြီဖြစ်သည်ဟု ဦးနေဝင်း
ကပြောသည်။

"ရာဇသင်္ကြန် ရပ်ကွက်အတွက် အများသုံး ရေတွေကို နေ့တိုင်း ရရှိနိုင်တော့မှာဖြစ်ပါတယ်။ နေ့စဉ်
မနက် ၅ နာရီကနေ မွန်းတည့် ၁၂ နာရီ အထိ ပေးသွားမှာဖြစ်ပါတယ်။ ဒီရေက ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက အခကြေးငွေမပါဘဲ အခမဲ့ ပေးဝေနေတာဖြစ်ပါတယ်။
တစ်အိမ်ချင်းစီကို အိမ်အရောက်ပိုက်လိုင်းနဲ့ ရေပေးဝေတာနဲ့ မသက်ဆိုင်ပါဘူး။ အခုပြုလုပ်တဲ့
ရေပိုက်ခေါင်းနှစ်ခုက အများသုံး ရေပိုက်လိုင်းအဖြစ် ရည်ရွယ်တာပါ။ တခြားနေရာတွေမှာတော့
ဒီလိုမျိုး ထပ်မလုပ်ပါဘူး။ ရေပိုက်လိုင်းမရောက်ရှိနိုင်သေးတဲ့ နေရာတွေကိုတော့ အုတ်ရေကန်
တည်ဆောက်ပြီး ရေကားနဲ့ ရေလိုက်ဖြည့်ပေးတာတွေ လုပ်နေပါတယ်"ဟု ၎င်းကပြောသည်။

ဒလမြို့နယ်အတွင်း ရပ်ကွက်အားလုံးတွင် စည်ပင်သာယာရေးကော်မတီထံမှ ရေသွယ်ယူ
သုံးစွဲနေသော နေအိမ်စုစုပေါင်း ၂,၅၆၈ လုံး ရှိကြောင်း ဦးနေဝင်း ကပြောသည်။

ရေကန်များ ခန်းခြောက်နေသည့်အတွက် စည်ပင်ရေရှိမှုမရှိသေးသော ကျန်းမာရေးဝန်ထမ်းအိမ်ရာ
တွင် ကွန်ကရစ်ခွေဖြင့် ရေကန်များ ပြုလုပ်ပေးထားပြီး မလုံလောက်သေးသဖြင့် ရေကန်ပေါင်း
ခြောက်ကန် ထပ်မံပြုလုပ် နေဆဲဖြစ်ပြီး သမ္မတကမ်းခြေ ရပ်ကွက်တွင်လည်း အုတ်ရေကန်
လေးကန်ကို ထပ်မံ တည်ဆောက်လျက်ရှိကာ စည်ပင်သာယာရေကားဖြင့် လိုက်လံဖြည့်တင်း
ပေးမည်ဖြစ်ကြောင်း ဦးနေဝင်းက ပြောသည်။

"အရင်ကတော့ ဒလမှာ အလှည့်ကျ ရေပေးတာမို့ တစ်ရပ်ကွက်ကို ငါးရက်တစ်ကြိမ်ပဲ ရေရတာပါ။
အခုတော့ စည်ပင်က နေ့တိုင်း ရေပေးဝေတဲ့အချိန်တွေမှာ ရေရရှိနေပါပြီ" ဟု ဒလမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ပြောသည်။

မြို့ပေါ်ရပ်ကွက် ၂၃ ရပ်ကွက်မှ ၆ နံပါတ်ရပ်ကွက်၊ ၁၁၊ ၁၄ ရပ်ကွက်နှင့် သမ္မတကမ်းခြေရပ်ကွက်
တို့မှာ မြို့နယ်၏ အစွန်ကျနေသော ရပ်ကွက်များဖြစ်ပြီး စည်ပင်က ပေးဝေသည့်ရေကို မရရှိသေး
ကြောင်း၊ စည်ပင်သာယာမှ ရေရရှိနိုင်ရန် ရပ်ကွက်အတွင်းရှိလူများက တောင်းဆိုလာသည့်
အတွက် ယခုအခါတွင် ရေပေးဝေနိုင်ရေး လျှောက်ထားကြရန် ဖိတ်ခေါ်ထားပြီး လျှောက်ထားသော
နေအိမ်များကို စိစစ်လျက် ရေပိုက်လိုက်များ သွယ်တန်းပေးနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း
ဦးထွန်းထွန်းဝင်းက ပြောသည်။

"နှစ်တိုင်း တခြားနေရာတွေကနေ ကျွန်တော်တို့ဆီ ရေလာလှူရတယ်။ ဒီနှစ်တော့ အဲဒီလောက်
မဟုတ်တော့ဘူးပေါ့။ လာမယ့် ရက်ပိုင်းအတွင်းမှာတော့ ရေတွေအလျှံပယ်ရမယ်လို့တော့
ပြောနေတာပါပဲ။ နောက် လေးရက်နေရင် ရမယ်လို့ ကျွန်တော်တို့ကို ပြောထားပါတယ်။ အခုအဲလို
ပြောထားတာ အခုဆိုရင် သုံးရက်ရှိပါပြီ။ မနက်ဖြန်ဆို သူတို့ပြောတဲ့လေးရက်က ပြည့်ပါပြီ။
ရ၊ မရတော့စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကို တစ်ခါမှ ရေပိုက်လိုင်းတွေ
မရောက်ခဲ့ဖူးပါဘူး။ အခုစပြီးတော့ ရမယ်လို့ ပြောလာတာပါ။ စောင့်ကြည့်နေဆဲဖြစ်ပါတယ်" ဟု
အုတ်လှငယ် (၁)လမ်းရှိ ရာဇသင်္ကြန်ရပ်ကွက်သားများက ပြောသည်။

"ရေကန်တွေမှာ ရေမရှိတော့ဘဲ ဖွေးဥနေပြီး မြေကြီးတွေကို ပေါင်ဒါမုန့် လုပ်ရောင်းရင်တောင်
ရနေတဲ့အနေအထားမှာ ဒလမှာ ဒီနှစ် ရေပြည့်စုံနေပါပြီဆိုပြီး ပြောနေတာတွေရှိတယ်။
ဒီလိုဆိုတာကတော့ သူတို့တွေက မရှက်တတ်လို့ ပြောနေကြတယ်လို့ ကျွန်တော်ကတော့
ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပြောလိုက်တယ်။ ဆင်းရဲသားရပ်ကွက်မှာက ရေကန်က ခန်းနေတာ သုံးလ
နီးပါးရှိနေပြီ။ အင်န်ဂျီအိုတစ်ခုက လှူဒါန်းထားခဲ့တဲ့ အုတ်ရေကန်လေးတွေကလည်း ရှိတော့
ရှိပါတယ်၊ ချိုးရေနဲ့ ပန်းကန်ဆေးတာအတွက်ပဲ ရတာပါ။ ဒါကလည်း နေ့တိုင်းသယ်ခွင့်
မရကြပါဘူး။ ရက်သတ်မှတ် ပြီး ငါးရက်တစ်ကြိမ် တစ်အိမ်ကို အထမ်း ငါးထမ်းစီ ဆိုတာလိုမျိုး
သတ်မှတ်ပြီး ယူကြရတာပါ။ ဒီခွဲတမ်းပြီးသွားရင်တော့ အဲဒီ တစ်ပတ်အတွင်း အဲဒီကန်တွေမှာ
ရေထပ်ယူခွင့် မရှိတော့ပါဘူး။ ရေသယ်ယူမှု အထမ်းသတ်မှတ် ချက်တွေကတော့ တစ်ရပ်ကွက်နဲ့
တစ်ရပ်ကွက် မတူပါဘူး။ ရေက တော်တော်ချွေတာ သုံးနေရတာပါ။ မိသားစုအားလုံး လောက်င
ဖို့တော့ တော်တော်လေးခက်ခဲပါတယ်"ဟု အဆိုပါရပ်ကွက်နေ ဦးမွန်ကြီးက ရှင်းပြသည်။

"အခုလက်ရှိသုံးနေရတာကတော့ ရေက တစ်ပတ်ကို လူတစ်ယောက်အတွက် ရေထမ်းပုံးလေး
တွေနဲ့ နှစ်ထမ်းနှုန်း သယ်ယူနိုင်ဖို့ သတ်မှတ်ထားတာပါ။ တစ်ကန်ကို အိမ်ခြေ ၁၀ အိမ်လောက်
အထိ ယူနိုင်အောင်လို့ အင်န်ဂျီအိုတွေက သတ်မှတ်ပေးထားပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ
တစ်ကန်ကို ၁၀ အိမ်မကဘဲ ၁၅ အိမ်လောက် မျှတသုံးနေရတာမျိုးတွေလည်း ဖြစ်နေပါတယ်။
လာသယ်တဲ့ အိမ်ကိုလည်း လာမသယ်နဲ့လို့ ပြောလို့က မရပြန်ပါဘူး" ဟု ထိုရပ်ကွက်နေ
ကိုမင်းဆက်က ပြောသည်။

"စည်ပင်ကနေပေးတဲ့ ရေပိုက်လိုင်းတွေက အများအားဖြင့် လမ်းသွယ်တွေထဲကို ရနိုင်ဖို့ အခုမှ
လုပ်နေတုန်းပါ။ လမ်းမတန်းတွေတောင် အစုံမရကြသေးပါဘူး"ဟု ၎င်းက ဆက်လက်ပြောသည်။

ဒလမြို့နယ်ရှိ ပြည်သူများသည် သောက်သုံးရေကန် ပေါင်း ၁၁၉ ကန်ကို အမှီပြုကာ အသုံးပြုနေ
ရပြီး နွေရာသီကာလတွင် ရေများခန်းခြောက်လာသဖြင့် ရေသုံးစွဲမှု ခက်ခဲလျက်ရှိနေခြင်းဖြစ်သည်။

ရေချိုရရှိရန် ခက်ခဲသော ဒလမြို့နယ်အတွင်း အများအားထား အသုံးပြုကြသော မိုးရေခံရေ
ကန်ပေါင်း တစ်ရပ်ကွက်လျှင် အနည်းဆုံး ခြောက်ကန် ခန့်ထားရှိပြီး အဆိုပါကန်များမှာ နှစ်စဉ်
ရေခန်းခြောက် လေ့ရှိသည်။

ရန်ကုန်ရှိ ပင်မရေပေးဝေရေး စခန်းမှ ဒလမြို့သို့ သောက်သုံးရေ ဖြန့်ဝေပေးရာတွင် ဒလမြို့ပေါ်ရှိ
ရပ်ကွက်ပေါင်း ၃၄ ရပ်ကွက်အတွင်းမှ ရပ်ကွက်ပေါင်း ၂၀ သို့ ပေးဝေလျက် ရှိနေသည်။

ဒလမြို့နှင့် ကိုးမိုင်အကွာရှိ တွံတေးမြို့နယ် ရန်ကုန် ပေါက်ကျေးရွာအနီးတွင် ပင်မရေပေးဝေရေး
စခန်းတစ်ခုကို ၂၀၀၀ ပြည့်နှစ်က အကောင်အထည်ဖော်ခဲ့ရာတွင် နှစ်အလိုက် အားဖြည့်
ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလခန့်မှ စတင်ပြီး ၁၆ လက်မပိုက်နှင့်
ရန်ကုန်ပေါက်ကျေးရွာမှ တစ်နေ့လျှင် ရေဂါလန် တစ်သန်းခွဲ၊ နှစ်သန်း အထိ ပေးနိုင်ရာမှ ယခုအခါ
၂၄ လက်မပိုက် နှင့် ပြောင်းလဲပြီး ဂါလန်လေးသန်းခန့်အထိ ပေးဝေနိုင်ရန် စီစဉ်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး