သတင်းထောက်များကို တရားရုံးများ၏ အရေးယူမှု နည်းလမ်းကျသည်ဟု ပြန်ကြားရေးဝန်ကြီးပြော

သတင်းထောက်များကို တရားရုံးများ၏ အရေးယူမှု နည်းလမ်းကျသည်ဟု ပြန်ကြားရေးဝန်ကြီးပြော

ယခုနှစ်အတွင်း အစိုးရအာဏာပိုင်များမှ ပြည်တွင်းသတင်းထောက်များအား တရားစွဲဆိုမှုများ
ပြုလုပ်လာရာတွင် သက်ဆိုင်ရာ တရားရုံးများ၏ စစ်ဆေးစီရင် အရေးယူချက်များသည်
နည်းလမ်းကျသည်ဟူ၍ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ မေ၃ရက်က ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့
အခမ်းအနားအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အစိုးရအာဏာပိုင်များ၏ တရားစွဲဆိုမှု
များကြောင့် ဒီဗီဘီသတင်းဌာနမှ သတင်းထောက် ကိုဇော်ဖေမှာ ထောက်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့
ရပြီးယူနတိဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့မှာလည်း နိုင်ငံတော်
လှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့်အပေါ် ၀န်ကြီးက ထိုသို့ ဖြေကြားလိုက်ခြင်း
ဖြစ်သည်။

"ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ ဒါကိုအရေးယူဆောင်ရွက်တာမဟုတ်ပါဘူး။ နစ်နာတဲ့ ပုဂ္ဂိုလ်
တွေအနေနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်အရ၊ အခွင့်အရေးအရ တရားစွဲဆိုခြင်းသာဖြစ်ပါတယ်"ဟု ၀န်ကြီး
ဦးအောင်ကြည်က ပြောသည်။

သို့သော် သတင်းထောက်များကို တရားစွဲဆိုအရေးယူမှုများသည် သတင်းထောက်များအတွက်
ကောင်းမွန်သည့် အခြေအနေတစ်ရပ် မဟုတ်သည့်အပြင် မီဒီယာဥပဒေ၏ ဟာကွက်ကြောင့်
ဖြစ်သည်ဟု ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

"ဒီလိုအဖြစ်အပျက်တွေဖြစ်နေတဲ့ကာလဟာ မီဒီယာဥပဒေ ဟာကွက်လေးဖြစ်နေတဲ့အချိန်မှာ
ဖြစ်ရတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ဥပဒေတွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့အတွက်
နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဆက်လက်ပြီးရေးဆွဲနေပါတယ်။ အမြန်ဆုံးဖြစ်အောင်
လည်း ကြိုးစားနေပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် သုံးကြိမ်မြောက် ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား၌
လက်ရှိ မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့်မှာ အတော်အတန် တိုးတက်လာပြီဟု ပြန်ကြား
ရေးဝန်ကြီးက ပြောဆိုခဲ့သော်လည်း လက်တွေ့မှာမူ တိုးတက်လာခြင်းမရှိကြောင်း မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ထိုအခမ်းအနား၌ပင် ပြောကြား
ခဲ့သည်။ 

Freedom House ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်း
မှာ အာရှ-ပစိဖိတ် နိုင်ငံများတွင် အဆင့်၃၄နေရာ၌ရပ်တည်နေသော်လည်း လွတ်လပ်မှုမရှိသေး
ဟူသော မှတ်ချက်ကိုလည်း တွေ့ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး