ရန်ကုန် စည်ပင်သာယာရေးနယ် နိမိတ်အတွင်းတွင်ရှိသော လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်း
ကဲ့သို့သော ဆင်ခြေဖုံးမြို့နယ်များတွင် ၁၀ ပေ အကျယ်သာရှိသည့် အိမ်များအလွန် များပြား
လာနေကြောင်း ထိုမြို့နယ်တို့တွင် နေထိုင်သူများနှင့် အိမ်ပွဲစားများထံမှ သိရသည်။
သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ တိကျသော ကိန်းဂဏန်းအချက်လက်များကိုမူ ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက ကောက်ယူထားခြင်းမရှိဟု ထိုကော်မတီ၏ အဆောက်အအုံဌာန
မှ စုံစမ်းသိရှိရသည်။
တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည်မှာ ၁၄ နှစ်ရှိပြီဖြစ်ပြီး အိမ်ခြံမြေပွဲစားလည်းဖြစ်သည့် ဒေါ်ရွှေက
"အိမ်ရှင်တွေက ပေ ၄၀ အိမ်တစ်လုံးကို အလွန်ဆုံးငှားခရမှ လေးသောင်းလောက်ပဲလေ။ အဲဒီ
မြေကွက်ပေါ်မှာ ၁၀ ပေ အိမ်တွေဆောက်လိုက်ပြီးတော့ တစ်အိမ်ကို သုံးသောင်းလောက်ခေါ်ရင်
ရတယ်လေ။ ဒါကြောင့် ၁၀ ပေ အိမ်တွေများလာတာလည်းပါတာပေါ့" ဟု ဆိုသည်။
၂၀၀၅ ခုနှစ်လောက်မှ စတင်၍ တောင် ဒဂုံမြို့နယ်တွင် ၁၀ ပေအိမ်များ သိသာစွာများပြားလာခြင်း
ဖြစ်ကြောင်း ထိုမြို့နယ်၏ ပွဲစား အချို့က ပြောသည်။
လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးရှိ တေးဥယျာဉ် (၁)လမ်းတွင် ၁၀ ပေအိမ်ဖြင့် နေထိုင်သည့်
ကိုမောင်ဇော်က ၎င်းသည် ကနဦးက ပေ ၄၀၊ ပေ ၆၀ မြေကွက်ကို ပိုင်ဆိုင်သော်လည်း နောင်တွင်
မိသားစုကျန်းမာရေးစရိတ်အတွက် အိမ်ဂရန်ပေါင်မိရာမှ မရွေးနိုင်တော့သဖြင့် ခြံကို ၁၀ ပေစီ
ဖဲ့ရောင်းခဲ့ရကြောင်း ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပေ ၂၀၊ ပေ ၆၀နှင့် ပေ ၄၀၊ ပေ ၆၀ မြေကွက်များ
ကိုသာ အမည်ပေါက် ဂရန်ချပေးရာ ထိုသို့ ၁၀ ပေစီ ခွဲဝေရောင်းချနေသည်မှာ တရားမဝင်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ လက်ထောက်ဌာနမှူး
ဦးနေဝင်းက ဆိုသည်။
"အဲဒါမျိုးတွေ နောက်ထပ် မတိုးအောင်တော့ လုပ်နေတယ်"ဟု ၎င်းက ပြောသည်။
မြေကွက်များကို ထိုသို့ ၁၀ ပေစီခွဲရောင်းရာ၌ တစ်ဦးကသာ အမည်ပေါက်ဂရန် အစစ်ကို
ကိုင်ဆောင်ခွင့်ရရှိပြီး ကျန်တစ်ဦးမှာ ထိုဂရန်ကို မိတ္တူဆွဲ၍ ယူရကြောင်း ထိုမြို့နယ်များမှ ပွဲစားများ
က ဆိုသည်။
ဂရန်မိတ္တူဖြင့် ၀ယ်သူများသည် ပြန်လည် ရောင်းချပါက ဂရန်အစစ်မရှိသဖြင့် အဆင်မပြေကြောင်း၊
သို့သော် ငွေမတတ်နိုင်သူများကမူ ထိုမြေကွက်များကိုသာ ၀ယ်ယူလေ့ရှိကြောင်း တောင်ဒဂုံမှ
ပွဲစား ဒေါ်ရွှေက ဆိုသည်။
"နယ်ကတက်လာတဲ့ သူတွေ၊ ပင်စင်စားတွေ ၀ယ်တာများတယ်"ဟု ၎င်းကပြောသည်။
မြေကွက်များကို ပိုင်ရှင်က မိမိသဘောဖြင့် ၁၀ ပေစီ ပိုင်းရောင်းခြင်းကိုထိန်းချုပ်ရန် ၎င်းတို့ ဌာန
အနေဖြင့် မတတ်နိုင်ကြောင်း ဦးနေဝင်းက ပြောသည်။
"ပြဿနာဖြစ်လာရင်တော့ ၀ယ်တဲ့သူနဲ့ ရောင်းတဲ့သူမှာပဲ တာဝန်ရှိတယ်။ ကျွန်တော်တို့ ဌာနမှာ
ဘာတာဝန်မှ မရှိဘူး"ဟုလည်း ၎င်းက ပြောသည်။
တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် ၁၀ ပေ အိမ်ဖြင့်နေထိုင်သူ မနွယ်အေးက "၁၀ ပေအိမ်နဲ့
နေချင်သူတော့ ဘယ်ရှိမလဲ။ ဒီဘက်အိမ်က လေလည်ရင်တောင် ဟိုဘက်အိမ်က ကြားနေရတာ
ကို။ အခုလိုနွေဆို မီးရေးထင်းရေး သိပ်လန့်ရတာ။ ဟိုတလောက တစ်အိမ်ကျော်က မီးလန့်တော့
ဘယ်ပြေးရမှန်း မသိဘူး" ဟု ပြောသည်။
ပင်စင်စားအများစုနေထိုင်သည့် ရွှေပေါက်ကံ မြို့သစ်တွင်ပင် မြေကွက်ကို ၁၀ ပေစီ ပိုင်း
မရောင်းကြသေးသော်လည်း ယခုအခါ ပေ ၄၀၊ ပေ ၆၀ မြေကွက်ကို ထက်ဝက်ပိုင်းကာ ပေ ၂၀၊
ပေ ၆၀ မြေကွက် အဖြစ်ရောင်းချမှုများရှိလာပြီဟု သိရသည်။

















