ခရီးသည်တင် ဟိုင်းလပ်ယာဉ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းသို့
၀င်ရောက်ခွင့်ပြုခြင်းမှာ ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးဖြစ်ပြီး ဆက်လက်ပြေးဆွဲခွင့် သက်တမ်းတိုးရန်
အတွက် ဆန္ဒပြခြင်းထက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန်သာလိုလားကြောင်း
ယာဉ်ပိုင်ရှင်များက ပြောသည်။
"အခုချိန်မှာ ဆန္ဒပြဖို့ထက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရနဲ့ တွေ့ဖို့လမ်းကြောင်းပဲ ရှာချင်တော့
တယ်။ ကျွန်တော်တို့အော်တော့လည်း အော်တာပဲရှိမှာ။ အစိုးရက ဂရုစိုက်မှာမဟုတ်တော့ဘူး။
အသနားခံစာတင်ပြီး လေးငါးခြောက် လလောက် ဖြေလျှော့ပြီးတော့ ထပ်တိုးပေးဖို့ပေါ့။ ပြီးတော့
တတ်နိုင်တဲ့သူတွေက မီနီဘတ်စ် ကားအစီး ၈၀ လောက်ဝယ်ပြီး ဆွဲချင်ဆွဲပေါ့။ အစိုးရက
ပြောင်းလိုက်ပါဆိုပြီး ပြောတာတော့ လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာကတော့ ခက်တယ်"
ဟု တိုက်ကြီး - ရန်ကုန် ပြေးဆွဲနေသော ရွှေရန်ကုန်ယာဉ်လိုင်းမှ ပိုင်ရှင် ကိုကျော်ကိုက
ပြောသည်။
၂၀၁၄ ခုနှစ်၊ မေလ ၁ရက်နေ့မှ စတင်၍ ခရီးသည်တင် ဟိုင်းလပ်ယာဉ်များ ရန်ကုန်မြို့တွင်းသို့
၀င်ရောက်ခြင်း မရှိဘဲ သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်းသာ ပြေးဆွဲဖို့အတွက်
မထသ(ဗဟို)နှင့် အဖွဲ့မှ လှော်ကားလမ်းဆုံ၌ သွားရောက်ကာ ဟိုင်းလပ်ယာဉ်မောင်းများကို
မေတ္တာရပ်ခံခြင်းများ ပြုလုပ်ခဲ့ကြသည်။
"မေလ ၁ ရက်နေ့ကစပြီး စည်ပင်သာယာနယ်နိမိတ်အတွင်းကို ၀င်ရောက်ခွင့် မပြုတော့တာ
ဖြစ်ပါတယ်။ ဒါကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ခရီးသည် အသွားအပြန်ရရှိရေးကိုလည်း ကျွန်တော်တို့တတ်နိုင်တဲ့ အပိုင်းက စီမံဆောင်ရွက်ပေး
နေပါတယ်။ အခုချိန်ထိတော့ ယာဉ်မောင်းတွေက ကျွန်တော်တို့ပြောတာကို အေးအေးဆေးဆေးပဲ
လက်ခံကြပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ကျွန် တော်တို့ ကြီးကြပ်ပေးနေမှာ
ဖြစ်ပါတယ်"ဟု မထသ(ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် ပြေးဆွဲခွင့်သက် တမ်း ထပ်မံတိုးမြှင့်ရန်လိုလားပြီး ထပ်မံ၍ တိုးမြှင့်ခြင်း
မရှိပါက ဆန္ဒပြရန် အစီအစဉ်ရှိသော်လည်း လူနည်းစုယာဉ်ပိုင်ရှင်များကို ထိုသို့ မပြုလုပ်ရန်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများမှ ခံဝန်ကတိထိုးခိုင်းခြင်းများရှိသည်ဟု ယာဉ်ပိုင်ရှင်
ဦးကင်လင်းက ပြောသည်။
















