မြန်မာနိုင်ငံလုံးဆိုင်ရာ အလယ်တန်းအဆင့် သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ရန်ကုန်မြို့၊
မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် မေလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့မှ ကြီးမှူးခြင်းဖြစ် ပြီး သုံးကြိမ်မြောက်ကျင်းပခြင်းဖြစ်ကြောင်း နှင့် နှစ်စဉ်
ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ အရှင် မဏ္ဍလ
(ဓမ္မစကူးလ်)က မြန်မာတိုင်း(မ်)ကိုပြောသည်။
"သာသနာတော်နှစ် ၂၆၀၀ ပြည်နှစ် အထိမ်းအမှတ်မှာ ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကား
ပြန့်ပွားရေး၊ သန့်ရှင်းတည်တံ့ရေးအတွက် သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ကျင်းပဖြစ်ပါတယ်။
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မျိုးမဟုတ်ဘဲ တကယ့်ကို လေးလေးနက်နက် ကိုးကွယ်ယုံကြည်တဲ့၊
ဗုဒ္ဓတရားတော်တွေကို သိနားလည်ဖို့၊ လက်တွေ ကျင့်ကြံနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ
တာပါ။ ဒီပြိုင်ပွဲအတွက် ငါးတန်း၊ ရှစ်တန်း၊ အလယ်တန်းအဆင့်ကိုပဲ ရွေးထားပါတယ်။ သူတို့
အတွက် သင်တန်းသီးသန့် မရှိဘူး။ လေ့လာစရာ စာအုပ်အနေနဲ့ ဗုဒ္ဓဘာသာဝင်ကောင်း
တစ်ယောက်အကြောင်းနဲ့၊ ဗုဒ္ဓတရားတော် အခြေခံအဆင့် စာအုပ်တွေကိုလေ့လာရမှာပါ။
ဗုဒ္ဓသမိုင်းနောက်ခံနဲ့ ပါဠိတွေဟာကလေးတွေအတွက် သိပ်ခက်ခဲတယ်။ ဒါပေမဲ့လည်း သူတို့
ပြိုင်ပွဲဝင်ချင်ရင်တော့ ဒါတွေကိုလေ့လာရမှာပဲလေ။ သူတို့မိဘတွေ၊ ဆရာ၊ ဘုန်းကြီးတွေကို
မေးပြီးလေ့လာရမှာပဲ။ ကလေးတစ်ယောက် ပြိုင်ပွဲဝင်ရင် သူပတ်ဝန်းကျင်ကလည်း ဒီစာပေတွေနဲ့
ပိုပြီးထိတွေ့နီးစပ်လာတယ်။ စာမေးပွဲဖြေလို့ အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ၊ ဗုဒ္ဓနဲ့
ပတ်သက်တာတွေ၊ အဆုံးအမတွေကတော့ ကလေးနဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးအကျွမ်းဝင်လာတယ်။
အခုဆိုရင် ဒီပြိုင်ပွဲအတွက် ယဉ်ကျေးလိမ္မာသင်တန်းတွေအရင် ကထက်ပိုဖွင့်လာတယ်။
ကျောင်းသားတွေ ဓမ္မစကူးလ်ကို စိတ်ဝင်တစားတက်လာကြတယ်။ ဒါဟာ ဒီပြိုင်ပွဲရဲ့ အကျိုးရလဒ်
ပါပဲ။ ဒီထက်ပိုတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်"ဟု ဆရာတော် အရှင်မဏ္ဍလက
မိန့်သည်။
ပြိုင်ပွဲကိုအဆင့် သုံးဆင့်ဖြင့် သတ်မှတ်ထားသည်။ ပထမနှင့် ဒုတိယ အဆင့်များသည် ရေးဖြေ
စာမေးပွဲများဖြစ်၍ ယခုနှစ်အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဖျာပုံနှင့် ၀ါးခယ်မမြို့နယ်
များတွင်ကျင်းပပြုလုပ်ခဲ့ပြီး ဖြေဆိုသူများထဲမှာ ၃၀ ရာခိုင်းကိုရွေးချယ်ကာ ဆန်ခါတင်အဆင့်တွင်
၂၄ ဦးဖြင့်ကျင်းပခြင်း ဖြစ်သည်။
အဆိုပါ ဆန်ခါတင်အဆင့်တွင် ပါ၀င်သောဖြေဆိုသူ ၂၄ ဦးစီဖြင့် အဆင့်မြင့်သုတစုံလင် ဗုဒ္ဓဝင်
ပြိုင်ပွဲကို ၂၀၁၅ တွင်ကျင်းပရန် အစီအစဉ်ရှိကြောင်း ဆရာတော်ကမိန့်သည်။
သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ကို သံဃာနှင့် လူပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားသည်။
ပြည်တွင်း ပြည်ပ၊ သာသနာပြု သံဃာများ၊ ဓမ္မကထိကများမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ
ချမှတ်ခြင်း၊ စာမေးပွဲ မေးခွန်းများ ပြင်ဆင်ခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်၍၊
လူပုဂ္ဂိုလ်များမှ လိုအပ်သော ရန်ပုံငွေနှင့် အခြားသောကိစ္စရပ်များကိုဆောင်ရွက်ကြကြောင်း အဖွဲ့မှ
ဦးမင်းလွင်(အရဟံ)က ပြောသည်။
















