ရန်ကုန်ဆေးရုံကြီး တည်ဆောက်ပြုပြင်ရန် အလှူရှင်များ၏ ရန်ပုံငွေထောက်ပံ့မှု မရသေး

ရန်ကုန်ဆေးရုံကြီး တည်ဆောက်ပြုပြင်ရန် အလှူရှင်များ၏ ရန်ပုံငွေထောက်ပံ့မှု မရသေး

နိုင်ငံတကာမှ အသိအမှတ်ပြု ရန်ကုန်ဆေးရုံကြီး တည်ဆောက်ပြုပြင်ရေးအတွက် ရန်ပုံငွေကူညီ
ပေးရန် နိုင်ငံတကာ အလှူရှင်များက ကတိကဝတ် ပေးထားသော်လည်း လက်တွေ့အကူအညီ
မရရှိသေးကြောင်း ရန်ကုန်ဆေးရုံကြီး တည်ဆောက်ပြုပြင်ရေး ရန်ပုံငွေရှာဖွေသူများက
ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန် ဆေးရုံကြီး တည်ဆောက်ပြုပြင်ရေးလုပ်ငန်းကို
အားပေးထောက်ခံလျက်ရှိပြီး နိုင်ငံတကာခေါင်းဆောင်များနှင့်တွေ့တိုင်း အဆိုပါကိစ္စကို
ပြောခဲ့သည်။

သို့သော် အင်န်အယ်လ်ဒီပါတီ အဖွဲ့ဝင် ရန်ကုန်ဆေးရုံကြီး၏ ရန်ပုံရှာဖွေရေး ကော်မတီအဖွဲ့ဝင်
ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း က ယခုအထိနိုင်ငံတကာမှ ထောက်ပံ့သည့် ရန်ပုံငွေလက်ခံရရခြင်း
မရှိသေးဟု ပြောသည်။

"ရန်ကုန်ဆေးရုံကြီး ပြုပြင်ရေးအတွက် ငွေကြေးအကူအညီပေးမယ်လို့ ပြောထားတဲ့ နိုင်ငံတကာ
အလှူရှင် သုံး၊ လေးဦးတော့ရှိပါ တယ်။ ဒါပေမဲ့ ပိုက်ဆံတွေကတော့ မဝင်သေးပါဘူး။ ဒါပေမဲ့
နည်းပညာအထောက်အပံ့ ရတော့ရပါတယ်"ဟု ၎င်းကပြောသည်။

ဗြိတိသျှအစိုးရ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အခြားအဖွဲ့အစည်း
တို့က ရန်ပုံငွေကူညီပေးမည်ဟု ပြောခဲ့သည်ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ်က ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်နှင့်
တွေ့ဆုံခဲ့ပြီး ရန်ကုန်ဆေးရုံကြီး ပြုပြင်ရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြသည်။

မစ္စတာ ဒေးဗစ်ကင်မရွန်က ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန်
အတွက် ထောက်ပံ့ပေးမည်ဟု ပြောခဲ့ပြီး ဗြိတိန်အစိုးရက ခုတင် ၁,၅၀၀ ဆေးရုံအဖြစ် ပြန်လည်
တည်ဆောက်ရေးအတွက် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေလွှတ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အင်န်အယ်လ်ဒီပါတီက ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ရန်ပုံငွေရှာဖွေရန်အတွက်
တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေ ကျပ်သန်း ၄၀၀ ကို အချိန်မီရရှိရန်
ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

အစိုးရက ယခုနှစ်၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆေးရုံကြီးပြုပြင်ရေးအတွက် ရန်ပုံငွေ ကျပ်သန်းပေါင်း
၄ ဒသမ ၅ ဘီလျံချပေးခဲ့ပြီး ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ကျပ် ငါးဘီလျံကို
ချပေးခဲ့သည်။

ရန်ကုန်ဆေးရုံကြီး လက်ထောက်ဆေးရုံအုပ် ဒေါက်တာခင်ပပက ယခင်ဘဏ္ဍာနှစ်တွင် ရရှိခဲ့သည့်
ငွေကြေးများဖြင့် စီမံကိန်းကိုးခုကို အကောင်အတည်ဖော်ခဲ့ပြီး ခုတင် ၃၀၀ ဆံ့ ငါးထပ်ဆောင်
ဆောက်လုပ်ရေးနှင့် ကင်ဆာရောဂါ ရှာဖွေရေးအဆောက်အအုံမှာ ဆောက်လုပ်ဆဲဖြစ်သည်ဟု
ပြောသည်။

ယခုဘဏ္ဍာနှစ်ဘတ်ဂျက်ကို ရန်ကုန်ဆေးရုံကြီး ပြုပြင်ရေးလုပ်ငန်းများနှင့် အရေးပေါ်ဌာနနှင့် ပြင်ပ
လူနာကြည့်ဌာန သုံးထပ်ဆောင်ကို တည်ဆောက်ရေးတွင် အသုံးပြုရန် စီစဉ်ထားသည်ဟု
ဒေါက်တာခင်ပပက ပြောသည်။

သို့သော် ၎င်းက ရန်ကုန်ဆေးရုံကြီး ပြုပြင် တည်ဆောက်ရေး စီမံကိန်းတစ်ခုလုံးအတွက် ခန့်မှန်း
ကုန်ကျစရိတ် မပြောပြနိုင်သေးဟု ပြောသည်။

"ကျွန်မတို့က အစိုးရကို တည်ဆောက်ပြုပြင် ရေးလုပ်ငန်းစဉ်ကို တစ်နှစ်စာအတွက်ပဲ တင်ပြပြီး
တောင်းလို့ရတယ်။ ဒါကြောင့်မို့ စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ်ကို ပြောလို့ မရပါဘူး"ဟု ၎င်းက
ပြောသည်။

ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာလှမြင့် က ငါးထပ်ဆောင်ကို ဆောက်လုပ်ပြီးပါက အပေါ်ဆုံး
အထပ်တွင် ခွဲစိတ်ခန်းများကို ထားမည်ဖြစ်ပြီး လူနာများကို ယာယီရွှေ့ပြောင်းထားမည်ဟု
ပြောသည်။

ရန်ကုန်ဆေးရုံကြီးမှ လူနာအချို့အား ပြည်လမ်းမပေါ်ရှိ ခုတင် ၅၀၀ ဆ့ံဆေးရုံကြီးသို့ ၂၀၁၃ ခုနှစ်
၊ အောက်တိုဘာတွင် စတင် ပြောင်းရွှေ့ခဲ့သည်။

ကျန်းမာရေးဖွံဖြိုးမှု လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆေးသုတေသနဦးစီး ဌာန၏
ညွှန်ကြားရေးမှူး(အငြိမ်းစား) ဒေါက်တာ သန်းထွန်းစိန်က ယခုလို ဆေးရုံကြီးတည်ဆောက်
ပြုပြင်ရေးလုပ်ငန်းများထက် ကျေးလက်ဒေသများနှင့် အခြားကျန်းမာရေး လုပ်ငန်းများကို
ဆောင်ရွက်သင့်သည်ဟု ပြောသည်။

"ကျေးလက်ဒေသက လူတွေကတော့ ရန်ကုန်ဆေးရုံကြီးမပြောနဲ့၊ ရန်ကုန်မြို့ပေါ် ကိုတောင် လာဖို့
မတတ်နိုင်ကြပါဘူး။ ဆေးရုံကြီးကို အဆင့်မြှင့်တင်ပြီးရင်တော့ ဆေးကျောင်းသားတွေနဲ့ ရန်ကုန်
ဒေသပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေအတွက် ပိုကောင်းလာ မှာပါ။ ဒီဆေးရုံကြီးက
လူလတ်တန်းစားတွေ အတွက်ပါပဲ။ အခြေခံလူတန်းစားတွေအတွက် မပါသေးဘူး"ဟု
၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး