ရန်ကုန်မြို့တော်မှာ ဘာကြောင့် မီးခဏခဏ ပျက်ရသလဲ

ရန်ကုန်မြို့တော်မှာ ဘာကြောင့် မီးခဏခဏ ပျက်ရသလဲ

ဒီရက်ပိုင်း ရန်ကုန်မြို့မှာ ဘာကြောင့် မီး ခဏခဏ ပျက်နေရသလဲ။ ဒီရက်ပိုင်းမှာ လူတိုင်း ပြောနေ
မေးနေကြတဲ့ မေးခွန်းပါပဲ။

နှစ်စပိုင်းတုန်းက အစိုးရတာဝန်ရှိသူတွေက ၂၄ နာရီ လျှပ်စစ်မီးပေးသွားမယ်လို့ ပြောကြားခဲ့ဖူးပါ
တယ်။ လျှပ်စစ်မီးကတော့ ပျက်ဆဲပါပဲ။

လျှပ်စစ် မီး ခဏခဏပျက်ရတဲ့အကြောင်းကို လူတော်တော်များက ဖေ့စ်ဘွတ်ခ်မှာ ပြောနေကြ
တယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးကောင်းကောင်းမပေးနိုင်တဲ့အတွက် လူတွေကတော့ အစိုးရကို
အပြစ်တင်နေကြတာပါ။

ရန်ကုန်မြို့ကို လျှပ်စစ်မီး ပြည့်ပြည့်ဝဝ ပေးနိုင်ဖို့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်ကတည်းက
ကြိုးစားခဲ့ပါတယ်။

အသစ်တည်ဆောက်ပြီးစီးခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ရလာတဲ့ လျှပ်စစ်ဓာတ်အားကို
ရန်ကုန်မြို့မှာ အများဆုံးခွဲတမ်းချပေးခဲ့သလို သဘာဝဓာတ်ငွေ့သုံး ပုဂ္ဂလိကဓာတ်အား
ထုတ်လုပ်ရေး စက်ရုံတွေ ဆီကနေလည်း လျှပ်စစ်ဓာတ်အား ၀ယ်ယူခဲ့ပါတယ်။

နွေရာသီ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတော်ဘတ်ဂျက်နဲ့ရော နိုင်ငံတကာရဲ့
ထောက်ပ့ံမှုနဲ့ပါချေးငွေ အစီအစဉ်တွေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းသစ်တွေ
ဆောင်ရွက်ခဲ့တယ်။

သို့သော် ငြားလည်း ရန်ကုန်မြို့တော်ကြီးမှာ လျှပ်စစ်မီးကတော့ လာလိုက်ပျက်လိုက်အနေအထား
ပဲ ရှိပါသေးတယ်။

ဒီနှစ်နွေရာသီမှာ ရန်ကုန်မြို့ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် လုံလောက်တဲ့
လျှပ်စစ်ဓာတ်အားပမာဏကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးပေးရေးအဖွဲ့က အင်ဂျင်နီယာချုပ် ဦးရန်လင်းက ဆိုပါတယ်။

"ဓာတ်အားထုတ်လုပ်မှုက လုံလောက်တယ်။ မီးခဏခဏ ပျက်ရတဲ့ အကြောင်းကတော့
ရန်ကုန်မြို့ရဲ့ ဓာတ်အားဖြန့်ဖြူးရေးစနစ်က အိုဟောင်းနေလို့ပါပဲ။

"ကိုလိုနီခေတ်ကတည်းက အသုံးပြုခဲ့တဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်က လျှပ်စစ်ဓာတ်အား
အသုံးများတဲ့ နွေရာသီဆို မနိုင်တော့ဘူး။ လျှပ်စစ်လိုင်းကြိုးတွေက ခံနိုင်ရည်အားထက် ပိုပြီး
အလုပ်လုပ်နေရတယ်" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ရန်ကုန်မြို့က လျှပ်စစ်မဂ္ဂါ၀ပ် ရ၀၀ နီးပါးသာ သုံးစွဲခဲ့ပေမယ့် လက်ရှိ
နွေရာသီမှာ ရန်ကုန်မြို့တစ်ခုလုံးရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းက မဂ္ဂါ၀ပ် ၁,၀၀၀ နီးပါးရှိတယ်လို့
ဆိုပါတယ်။

"ဟိုတစ်ညက မီးပျက်တာ တစ်ညလုံးပဲ။ ကျွန်တော်တို့နေရတာ တိုက်ခန်းဆိုတော့ ဘယ်လိုမှ
အိပ်မရဘူး။ ဒီရက်ပိုင်းမီးပျက်တာ ရက်ဆက်လိုဖြစ်နေတယ်"လို့ ဗိုလ်တထောင်မြို့နယ်နေ
ကိုတင်ဇော်ထွေးက ပြောပါတယ်။

သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ကို ပြန်လည်ပြုပြင်
နိုင်ဖို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးအဖွဲ့က ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) နဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်။

ရန်ကုန်မြို့ ဓာတ်အားဖြန့်ဖြူးရေးစနစ်တစ်ခုလုံးကို ဂျိုက်ကာအဖွဲ့က လေ့လာဆန်းစစ်နေပါတယ်။

"ကျွန်တော်တို့ စစ်ဆေးမှုအားလုံးမှာ တွေ့ရတာကတော့ ဓာတ်အားလိုအပ်ချက် မြင့်တက်လာ
သလို ထုတ်လုပ်မှုကလည်း တိုးတက်လာပါတယ်။ ဒါပေမဲ့ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းနဲ့
ဓာတ်အားခွဲရုံတွေရဲ့ အရည်အသွေးကတော့ တော်တော်ပဲ နိမ့်ကျနေပါတယ်"လို့ ဂျိုက်ကာ အဖွဲ့က
လျှပ်စစ်စီမံကိန်းဆိုင်ရာ အရာရှိ မစ္စတာ ကုရိုနုမား ကင်ဂျိက ပြောပါတယ်။

ရန်ကုန်မြို့ဓာတ်အားဖြန့်ဖြူးရေး စနစ်တစ်ခုလုံးကို ပြုပြင်ဖို့နဲ့ ဓာတ်အားလိုင်းတွေကြောင့်
ဖြစ်နေရတဲ့ လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုကိုလည်း ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ ဂျိုက်ကာအဖွဲ့ရဲ့
အကူအညီနဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ဒီစီမံကိန်းအတွက် လျှပ်စစ် စွမ်းအားဝန်ကြီးက ဂျိုက်ကာဆီကနေ အမေရိကန်ဒေါ်လာ ၂၁၄ သန်း
ချေးယူသွားမယ်လို့ ဆိုပါတယ်။

အလားတူ စီမံကိန်းမျိုးဆောင်ရွက်ဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးက ထိုင်းနိုင်ငံက အဖွဲ့အစည်းတစ်ခုနဲ့
ဆွေးနွေးနေပါတယ်။

ဒီစီမံကိန်းတွေက နှစ်နဲ့ချီပြီး ကြာဦးမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုက
ရှိနေဦးမယ်ဆိုတဲ့ သဘောပါ။

ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းတွေမှာ အသုံးပြုနေတဲ့ ထရန်စဖော်တွေမှာ
ပုံမှန်ခံနိုင်ဝန်အား ၅၀ ရာခိုင်နှုန်းသာရှိပေမယ့် ဓာတ်အားသုံးစွဲ မှုမြင့်တက်တဲ့ နွေရာသီမှာ
၈၀ ကနေ ၉၀ ရာခိုင်နှုန်း ဓာတ်အားသိုလှောင်ဖြန့်ဖြူးပေးနေ ရတဲ့အတွက် ထရန်စဖော်တွေ နေ့စဉ်
မီးလောင် ပျက်စီးနေတယ်လို့ သူကပြောပါတယ်။

အသစ်ပြင်ဆင် သတ်မှတ်ထားတဲ့ လျှပ်စစ်မီတာခနှုန်းထားသစ်တွေကို ဧပြီလ ၁ ရက်နေ့
ကတည်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စတင်ကောက်ခံခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ ဓာတ်အားဖြန့်ဖြူးရေးစနစ် ပြုပြင်ဖို့အတွက် ကမ္ဘာ့ဘဏ်၊
အာရှဖွံ့ဖြိုး ရေးဘဏ်၊ ဂျိုက်ကာနဲ့ ဗြိတိသျှအစိုးရတို့က ငွေကြေးနဲ့ နည်းပညာတွေ
ထောက်ပံ့သွားဖို့လည်း ပြောကြားထားပြီးပါပြီ။

မေးခွန်းကတော့ ရန်ကုန်မြို့မှာ မီးခဏခဏ ပျက်တာ ဘယ်လောက်ကြာကြာ ဖြစ်နေဦးမှာလဲ
ဆိုတာပါပဲ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး