ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် ပထမ လေးလတာ ကာအတွင်း မူးယစ်ဆေးဝါးအမှု
၁၄၁ မှု ဖမ်းဆီးရမိခဲ့ရာ ယခင်နှစ် တတိယလေးလပတ် ကထက် များပြားခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရသိရသည်။
"မူးယစ်ဆေးဝါး ဖမ်းဆီးတာ ပြီးခဲ့တဲ့နှစ် တတိယလေးလပတ်နဲ့ ဒီနှစ်ပထမလေးလပတ် နှိုင်းယှဉ်
လိုက်အရင် ဖမ်းဆီးရမိမှုက ဒီနှစ် ပထမ လေးလပတ်က ပိုများတယ်။ ဖမ်းဆီးရမိတာက
အများဆုံးက စိတ်ကြွဆေးပြားများတယ်။ ဆေးခြောက်လိုမျိုး အရွက်ခြောက်ဖမ်းဆီးတာက
နည်းတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး
ဖမ်းဆီးမှု ၁၀၄ မှု ရှိခဲ့ပြီး ၁၄၁ ဦးကို အရေးယူခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလ အထိ ဖမ်းဆီးရမိမှု ၁၄၁ မှု ဖြစ်ပွားခဲ့ကာ ၂၁၄ ဦး ကို
အရေးယူခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ မူးယစ်ဆေးဝါး ဖမ်းဆီးမှုများမှာ
၂၀၀၅ ခုနှစ် ၂၃၅ မှု၊ ၂၀၀၆ ခုနှစ် ၂၂၄ မှု၊ ၂၀၀၇ ခုနှစ် ၁၇၇ မှု၊ ၂၀၀၈ ခုနှစ် ၂၁၂ မှု၊ ၂၀၀၉ ခုနှစ်
၂၁၀ မှု၊ ၂၀၁၀ ပြည့်နှစ် ၂၅၉ မှု၊ ၂၀၁၁ ခုနှစ် ၃၁၇ မှု၊ ၂၀၁၂ ခုနှစ် ၃၂၆ မှု၊ ၂၀၁၃ ခုနှစ် ၂၈၆ မှုနှင့်
၂၀၁၄ ခုနှစ် ဧပြီလ ထိ ၁၄၁ မှု ရှိခဲ့သည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှုမှာ ၂၀၀၇ ခုနှစ်တွင် အနည်းဆုံးဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ၂၀၀၈ ခုနှစ် တို့တွင်
သာမန်အဆင့်မျှသာ ရှိခဲ့သည်။
၂၀၀၅၊ ၂၀၀၆ နှင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ယခုနှစ် ဧပြီလအထိ ဖမ်းဆီးရမိခဲ့သည့်
စာရင်းများအရ အမှု ၂၅၀ အထက်မှ ၃၂၆ မှု အထိ အများဆုံးဖြစ်ပွားခဲ့သည်။

















