ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ဆောက်လုပ်နေသည့် ဈေးဝယ်စင်တာအား လာမည့် ဇွန်လတွင်
ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
"ဆောက်လုပ်မှု အနေအထားအရတော့ ပြီးပါပြီ။ ဒါပေမဲ့ မီးတွေသွယ်တန်းရရှိဖို့နဲ့ ဆိုင်ခန်းတွေကို
အတွင်းပိုင်း ပြင်ဆင်နေမှု နည်းနည်း ကျန်နေသေးတာကြောင့်ပါ။ သိပ်မကြာတော့တဲ့ ဇွန်လထဲမှာ
ဖွင့်ဖြစ်မှာဖြစ်ပါတယ်"ဟု သဘာဝကမ္ဘာကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဒေါ်အေးအေးအောင်က
ပြောသည်။
အဆိုပါ စင်တာအား ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် မျက်နှာချင်းဆိုင် ဦးဝိစာရလမ်း
ပေါ်ရှိ ပြည်သူ့ရင်ပြင်ဝင်ပေါက်နေရာတွင် တည်ဆောက်ထားခြင်းဖြစ်သည်။
ဈေးဝယ်စင်တာတည်ဆောက်ခွင့်ကို ၂၀၀၉ ခုနှစ် အတွင်းက ခွင့်ပြုချက်ရရှိခဲ့ပြီး ဆောက်လုပ်မှုကို
၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် စတင်၍ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးချိန်တွင် ဝေဖန်မှုများနှင့်
ကြံုတွေခဲ့ရသည်။
အများပြည်သူပိုင် ပန်းခြံဖြစ်သည့်အပြင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခွင့်ကို
ကန့်သတ်ထားသော ရွှေတိဂုံစေတီအနီး ကန့်သတ်ဧရိယာဖြစ်သည့်အတွက် ကန့်ကွက်မှုများ
ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။
















