ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်တို့ ပူးပေါင်းဆောင်ရွက်နေသော
အစီအစဉ်များအနက် ရန်ကုန်မြို့ရေပေးဝေရေးစနစ် တိုးတက်စေရေး အစီအစဉ်အတွက်
ချေးငွေပေးရန် သဘောတူညီချက်ကို မကြာမီ အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (ဲှုဃဗ) က ချေးငွေသာမက နည်းပညာ
အကူအညီများပေးမည့် အဆိုပါ စီမံကိန်းသည် ရန်ကုန်အရှေ့ပိုင်းမြို့နယ်များ ဖြစ်သည့် အရှေ့ဒဂုံ၊
တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များသို့ ရေပေးဝေရေး ကွန်ရက်များကို တိုးတက်
ကောင်းမွန်စေလိမ့်မည်ဟု JICA ၏ ရေအရင်းအမြစ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ စီမံကိန်းဖော်ထုတ်ရေးအကြံပေးဖြစ်သူ Ms. Sakurai
Noriko က ယခုလ ၁၅ ရက်နေ့၌ မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောသည်။
"ပရောဂျက်ခေါင်းစဉ်က Greater Yangon Water Supply Improvement Project လို့ခေါ်ပါ
တယ်။ ဒီပရောဂျက်အတွက် ချေးငွေပေးဖို့ သဘောတူညီချက်ကိုတော့ လက်မှတ်မထိုးကြရသေး
ပါဘူး။ ဒါပေမဲ့ လာမယ့် လအနည်းငယ်အတွင်းမှာတော့ အကောင်အထည်ဖော်ဖြစ်တော့မှာပါ" ဟု
၎င်းကပြောသည်။
အဆိုပါ ပြုပြင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စနစ်များအတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ ချေးငွေ
အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ပေးအပ်မည်ဖြစ်ပြီး
နှစ်ပေါင်း ၄၀ အတွင်း ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။
"ဒီစီမံကိန်းက ရန်ကုန်အရှေ့ပိုင်းမြို့နယ်တွေရဲ့ ရေဖြန့်ဝေရေးကွန်ရက်တွေ တိုးတက်လာစေဖို့
သာမက ရေပိုက်ခေါင်းက ထွက်သမျှ ရေတိုင်းရဲ့ အရည်အသွေးတွေ ကောင်းမွန်လာဖို့ပါ
ရည်ရွယ်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင် ဘယ်ရေပိုက်ခေါင်းကဖြစ်ဖြစ် ကျလာတဲ့ ရေဟာ
သောက်လို့ရတယ်။ ဒီအဆင့်ထိရောက်ဖို့အတွက် ကြိုးစားနေတယ်။ အလွယ်ပြောရရင် ရေကို
ဒီလို ပိုးသတ်ပြီးသားဖြစ်ဖို့အတွက် ရေထဲကို ကလိုရင်းခတ်ရတယ်။ ဒီလိုပိုးသတ်ပြီးသားရေ
ဖြစ်အောင် လုပ်တဲ့ စနစ်ကို ရန်ကုန်မြို့ရဲ့ ရေပို့စက်တွေမှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်" ဟု
Ms. Sakurai က ပြောကြားသည်။
လက်ရှိအနေဖြင့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော
ရေပေးဝေရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်၊ ရေမြောင်းစနစ်များ ကောင်းမွန်ရန်နှင့် ယိုစိမ့်သဖြင့်
လေလွင့်ရသော ရေပမာဏ လျော့ကျလာရန်တို့ကို မြို့တော်စည်ပင်က Urgent Improvement
of Water Supply System စီမံကိန်းအဖြစ် အကောင်အထည်ဖော်နေသည်။
"စည်ပင်က ဒီပရောဂျက်ကို စနေပါပြီ။ အဓိကကတော့ ညောင်နှစ်ပင် ရေတွန်းစက်ရုံက ရေဖြန့်ဝေ
ပေးတဲ့ ရေစုပ်စက်နဲ့ ရေပိုက်တွေကို အကောင်းပကတိဖြစ်အောင် ပြန်လည်ပြင်ဆင်ဖို့ပါပဲ။
ဒီပြင်ဆင်ခြင်းဟာ ရေတွေ ယိုစိမ့်ပြီး လေလွင့်တာကိုလည်း ကာကွယ်ပေးနိုင်လိမ့်မယ်" ဟု
Ms. Sakurai က ပြောသည်။
လက်ရှိရေပေးဝေရေးစနစ်၏ ပေးဝေနိုင်မှုအချိုးသည် ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျန်ရှိသော
ရာခိုင်နှုန်းသည် ကိုယ်ပိုင်ရေတွင်းများ၊ ရေပေးစက်များနှင့် အခြားသော ရေအရင်းအမြစ်များ
ဖြစ်သည့် ကန်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များက ဆက်သွယ်ရယူခြင်းဖြစ်ကြောင်း JICA မှ
သုတေသနပြုချက်များအရ သိရသည်။
"အခွန်ကောက်ခံရရှိခြင်းမရှိတဲ့ရေ (Non-revenue Water) ပမာဏကို လျှော့ချနိုင်ဖို့လည်း
JICA က ကူညီနေတယ်။ ယေဘုယျအားဖြင့်တော့ ပင်မရေဖြန့်ဝေရေးကနေ တစ်မြို့လုံးကို ရေတွေ
ပေးဝေလိုက်တယ်။ နောက် စည်ပင်က အခွန်ကောက်တယ်။ ဒါပေမဲ့ ဒီကြားထဲမှာ လေလွင့်
ပြုန်းတီးလို့ဖြစ်ဖြစ်၊ ပိုက်ကနေ ယိုစိမ့်လို့ဖြစ်ဖြစ် အခွန်လည်းမရ၊ သုံးလည်းမသုံးလိုက်ရတဲ့
ရေပမာဏတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို လျှော့ချနိုင်ဖို့ဟာ အရေးကြီးတယ်" ဟု ၎င်းက
ပြောသည်။
၂၀၁၁ ခုနှစ်ကပင်လျှင် ရန်ကုန်မြို့တော်စည်ပင်က နေ့စဉ် ပေးဝေနေသော ရေဂါလန် သန်းပေါင်း
၁၆၀ အနက် ရေပြုန်းတီးမှုနှင့် လေလွင့်မှုများမှာ ရေဂါလန် ၆၄ သန်း (ပေးဝေသောရေ၏
၄၀ ရာခိုင်နှုန်း) ရှိကြောင်း မြို့တော်စည်ပင်၏ ထုတ်ပြန်ချက်အရသိရသည်။
လေလွင့်ရေပမာဏကို လျှော့ချနိုင်ရန်နည်းပညာများသာမက ရေယိုစိမ့်နေမှုကို မည်ကဲ့သို့
ရှာဖွေနိုင်ရန်၊ ရေအသုံးချမှု အချက်အလက်အသေးစိတ်ကို မည်ကဲ့သို့ ကောက်ယူရန် စသည်တို့
စီမံအကြံပေးနိုင်မည့် ပညာရှင်တစ်ယောက်ကို မြို့တော်စည်ပင်သို့ ကူညီစေမည်ဖြစ်သည်ဟု
ဆိုသည်။
ရေလေလွင့်ပြုန်းတီးခြင်း၏ အဓိကအကြောင်း အချက်ဖြစ်သော ရေပိုက်များအက်ခြင်းကွဲခြင်း
တို့ကို ပြုပြင်ရန်လက်ရှိတွင် ရန်ကင်းမြို့နယ်ရှိ ရေဖြန့်ဝေရေးကွန်ရက်များ၏ လေလွင့်ရေ
အချိုးအဆကို လျှော့ချကာကွယ်နိုင်ရန် ပြုလုပ်လျက်ရှိသည်။

















