အပြောင်းအလဲတွေကြားက မပြောင်းလဲသေးတဲ့ ရန်ကုန်မြို့တော်ရဲ့ ခရီးသည်ပို့ဆောင်ရေး

အပြောင်းအလဲတွေကြားက မပြောင်းလဲသေးတဲ့ ရန်ကုန်မြို့တော်ရဲ့ ခရီးသည်ပို့ဆောင်ရေး

"စံပြဈေး... သုဝဏ္ဏ... တာမွေ" ယာဉ်နောက်လိုက်တွေရဲ့ ခရီးသည်ကို အော်ခေါ်နေသံတွေက
ဘတ်စ်ကားမှတ်တိုင်နားမှာ ပျံ့လွင့်နေတယ်။ ရန်ကုန်မြို့မှာနေတဲ့သူတွေ အတွက်ကတော့
ဒီအသံတွေက နားယဉ်ပြီးသား ဖြစ်နေပါတယ်။ ရန်ကုန်မြို့နေ လူဦးရေခြောက်သန်းကျော်က
နေ့စဉ်သွားလာရေးအတွက် ခရီးသည်တင် ယာဉ်တွေကို အဓိကအားထားနေရတာဖြစ်ပါတယ်။

ခရီးသည်တင်ယာဉ် စုစုပေါင်း ၈,၀၀၀ လောက်ရှိပြီး အဲဒီယာဉ်တွေကို ပုဂ္ဂလိက ယာဉ်ပိုင်ရှင်
၅,၀၀၀ လောက်က ပိုင်ဆိုင်ပါတယ်။

ခရီးသည်တင်ယာဉ်တွေက အမျိုးအစားစုံသလို သယ်ယူပို့ဆောင်ပေးတဲ့လမ်းကြောင်းက ပျမ်းမျှ
၃၅၁ လိုင်းခန့်ရှိပါတယ်။ ဒါပေမဲ့ ခရီးသည်တင် ယာဉ်တွေကို ရန်ကုန်မှာ သာမန်အားဖြင့် နှစ်မျိုးပဲ
ခွဲထားပါတယ်။

ဒါကတော့အားလုံးသိတဲ့ ကောက်ရိုးခေါ် ရိုးရိုးကားတွေနဲ့ အထူးလို့ခေါ်ပေမယ့် မထူးတဲ့ကားတွေ
ဖြစ်ပါတယ်။ ရိုးရိုးကားတွေအတွက် ယာဉ်စီးခက ကျပ် ၅၀ ကနေ ၂၀၀ အထိရှိတယ်။ အထူးကား
တွေကတော့ ကားပေါ်တက်လိုက်တာနဲ့ ၂၀၀၊ တချို့ ခရီးလမ်းကြောင်း အရမ်းရှည်တဲ့ ကားတွေက
၃၀၀၊ အထူးပဲဖြစ်ဖြစ်၊ ရိုးရိုးပဲဖြစ်ဖြစ် ယာဉ်မောင်းတစ်ယောက်စီနဲ့ ယာဉ်နောက်လိုက် နှစ်ယောက်စီ
ပါတယ်။

ဒါဆို နေ့စဉ်နေ့တိုင်း ရုံး၊ ကျောင်း၊ ကုမ္ပဏီ စသည်ဖြင့် ခရီးသည်တင်ယာဉ်တွေကို အသုံးပြုနေရတဲ့
ခရီးသည်တွေကရော သက်သောင့်သက်သာနဲ့ ကိုယ်လိုရာခရီးကို စိတ်ချမ်းချမ်းမြေ့မြေ့နဲ့
ရောက်ရဲ့လား။

ခရီးသည်တင်ယာဉ်အဖြစ် အသုံးပြုဖို့ နိုင်ငံခြားက ကားတွေမှာတဲ့အခါ ခရီးသည်ထိုင်ဖို့ ထိုင်ခုံ
အပြည့်ပါချင် ပါလာပါလိမ့်မယ်။ ဒါပေမဲ့ ရိုးရိုးကားအဖြစ် ပြေးဆွဲမယ့် ယာဉ်ပိုင်ရှင်တွေက
ကားထဲမှာ လူများများဆန့်အောင် ထိုင်ခုံတွေကို ဖြုတ်လိုက်ပါတယ်။

မတ်တပ်ရပ်စီးမယ့် ခရီးသည်များရင် သူတို့အတွက် ပိုကိုက်တယ်။ ဒါဆိုရင် အထူးကားကတော့
ရိုးရိုးကားနဲ့ ကွာမှာပါလို့ မထင်လိုက်ပါနဲ့။

မူလက ယာဉ်မှာပါတဲ့ ထိုင်ခုံတွေကို ဖြုတ်ပြီး ကားရဲ့ ဘယ်ဘက်ခြမ်းမှာ သုံးယောက်စီးထိုင်ခုံနဲ့
ညာဘက်ခြမ်းမှာ နှစ်ယောက်စီးထိုင်ခုံတွေကို ပြန်တပ်လိုက်ပါတယ်။

အထူးကားအနေနဲ့ ခရီးသည်တင်မယ်ဆိုရင် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး
ကြီးကြပ်မှုကော်မတီ မထသ(ဗဟို)က သတ်မှတ်ချက်တွေရှိပါတယ်။

ဒါပေမဲ့ သုံးယောက်ထိုင်ခုံက ခပ်ဝဝ ခရီးသည်နှစ်ယောက် လောက်ထိုင်လိုက်ရင် ပြည့်သွားပြီ။
ကျန်တဲ့တစ်ယောက်က ဘေးအစွန်းမှာ ပြုတ်မကျရုံတမည် ထိုင်ရတယ်။

တစ်ခါတလေ မတ်တပ်ရပ်ရတာတောင် ပိုကောင်းတဲ့ အနေအထားဖြစ်နေတယ်။ ပြီးတော့
အထူးကားဆိုရင် ထိုင်ခုံစေ့သာ ခရီးသည်တင်ရမယ်။ ခြွင်းချက်အနေနဲ့ မတ်တတ်ရပ်တဲ့သူ
ငါးယောက်တော့ ခွင့်ပြုတယ်ဆိုပေမယ့် အထူးကားတွေမှာလည်း ရိုးရိုးကားလိုပဲ ခရီးသည်က
ပြည့်ကျပ်နေတာပါပဲ။

မြန်မာနိုင်ငံက ခရီးသည်တင်ကားတွေက စီအင်န်ဂျီ လို့ခေါ်တဲ့ သဘာဝဓာတ်ငွေ့ကို အဓိက
အသုံးပြုပြီးပြေးဆွဲနေကြတာဖြစ်ပါတယ်။

ဒါကြောင့် ခရီးသည်ထိုင်မယ့် ခုံတွေအောက်မှာ စီအင်န်ဂျီအိုးတွေထားတဲ့အတွက် အဲဒီအိုးတွေနဲ့
လွတ်အောင် ထိုင်ခုံတွေ နည်းနည်းမြှင့်ထားတယ်။ ဒီတော့ ခရီးသည်က စီးတဲ့အခါ ခြေထောက်က
ကြမ်းပြင်ကိုမထိဘဲ လွတ်နေတတ်ပါတယ်။

ဒါ့ပြင် ယာဉ်ပိုင်ရှင်တွေက ထိုင်ခုံတွေကို သူတို့ဘာသာသူတို့ ပြန်ဆင်ထားတာဆိုတော့ ထိုင်ခုံ
တစ်ခုနဲ့တစ်ခု ရှေ့နောက် အကွာအဝေးက ကျဉ်းတာမျိုးတွေရှိတယ်။ အရပ်ရှည်တဲ့သူရော၊
အရပ်ပုတဲ့သူရော ဒုက္ခခံကြရပါတယ်။

ယာဉ်တွေဘာကြောင့် ထပ်မတိုးလဲ ယာဉ်စီးရေကလည်း တိုးချင်တိုင်းတိုးလို့ မရဘူး။
ခရီးသည်တင်ယာဉ်တွေက အစိုးရလက်အောက်က မဟုတ်ပါဘူး။

မထသက ယာဉ်တွေ ထပ်တိုးပါလားလို့ ယာဉ်ပိုင်ရှင်တွေကို တောင်းဆိုရင်တောင် ပိုင်ရှင်တွေက
လုံလောက်ပါတယ်။ ထပ်ထည့်စရာမလိုပါဘူးဆိုရင် ဘာမှ မတတ်နိုင်ဘူး။

ဘာလို့လဲဆိုတော့ ယာဉ်တွေ ထပ်တိုးရင် ခရီးသည်အရ နည်းသွားမှာစိုးလို့ ယာဉ်ပိုင်ရှင်တွေက
အဆင်ပြေတယ်ပဲပြောတယ်။

နောက်ထပ် ယာဉ်ထပ်တိုးမှာ မလိုလားဘူး။ မထသ ကိုယ်တိုင်ကလည်း အာဏာရှိတဲ့ အဖွဲ့အစည်း
မဟုတ်လို့ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်နောက်လိုက်တွေက များသောအားဖြင့် မလေးစားကြပါဘူး။

ယာဉ်လိုင်းတစ်ခုက ကားတွေ လမ်းကြောင်း တစ်ခုကိုပြေးဆွဲရင်းကနေ ဒီထဲကပဲ ကားတွေ
ထုတ်နှုတ်ပြီး နောက်လမ်းကြောင်းတစ်ခုမှာ ပြေးဆွဲတဲ့အကြောင်းတွေမှာ ယာဉ်ပိုင်ရှင်တွေရဲ့
ကိုယ့်ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်မှုတွေအများကြီး ပါနိုင်ပါတယ်။

ဒါကြောင့် တစ်ခါတလေမှာ သူတို့အတွက် ပိုတွက်ခြေကိုက်မယ်ထင်တဲ့ ယာဉ်လိုင်းကိုပြောင်းကြ
ပါတယ်။

ယာဉ်ပိုင်ရှင်တွေကလည်း သူတို့အကျိုးအတွက်ပဲ ကြည့်တယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်
တွေကလည်း သူတို့နေ့တွက်ကိုက်ဖို့ လောက်သာကြည့်တယ်ဆိုရင် ခရီးသည်ကကျတော့
ဘာကိုကြည့်ရမလဲ။

ရန်ကုန်မြို့ရဲ့ ခရီးသည်တင်ယာဉ်တွေ အကြောင်းပြောရရင် ပြောလို့တောင်မကုန်နိုင်ဘူး။
အဓိကအကြောင်းက ဘာကြောင့်လဲ။ ခရီးသည်တင် ယာဉ်တွေအားလုံးဟာ ပုဂ္ဂလိကပိုင်တွေ
ဖြစ်ပြီးတော့ နိုင်ငံတော်အစိုးရပိုင် မဟုတ်တာက အကြောင်းရင်းတစ်ချက် ဖြစ်နေပါတယ်။

"ကျွန်တော်တို့ဆီက အစိုးရက လုပ်ပေးတာက စီအင်န်ဂျီပေးနိုင်တာ တစ်ခုပဲရှိတယ်။ အစိုးရပိုင်
ယာဉ်လိုင်း နည်းနည်းလောက် ထားပေးနိုင်ရင်တောင် အဆင်ပြေတယ်။ လက်ရှိ ခရီးသည်
ပို့ဆောင်ရေးမှာ တိကျတဲ့ ၀င်ငွေစနစ်ကိုလည်း မဖော်ဆောင်နိုင်ဘူး။ အုံနာတွေကလည်း
ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ပြန်အပ်သလောက်ပဲရတယ်။ လက်မှတ်စနစ်ကို အသုံးပြုဖို့
ကျတော့လည်း အခုအချိန်မှာမှ စက္ကူပြန်သုံးရင် နောက်ကြောင်းပြန်တယ်ဖြစ်မယ်"လို့
မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။

ယာဉ်စီးခပြသနာ ယာဉ်နောက်လိုက်တွေနဲ့ ခရီးသည်တွေကြားမှာ မရိုးနိုင်အောင်ဖြစ်နေတဲ့
ပြဿနာ နောက်တစ်ခု ရှိပါသေးတယ်။

အဲဒါကတော့ ယာဉ်စီးခ ပြန်မအမ်းတာနဲ့ ပိုတောင်းတာဖြစ်ပါတယ်။ တစ်လတစ်လမှာ
မထသ(ဗဟို) ကို တိုင်ကြားတဲ့ အမှုတွေထဲမှာလည်း ယာဉ်စီးခ ပိုတောင်းတဲ့အမှုက အများဆုံး
ဖြစ်ပါတယ်။

တခြားနိုင်ငံတွေမှာတော့ ကတ်စနစ်ကျင့်သုံးတာဖြစ်လို့ ဒီပြဿနာမျိုးရှိပါဘူး။ ငွေအကြွေပြန်အမ်း
ရတာကို အထိုက်အလျောက်ပြေလည် အောင်ကစ္ဆပနဒီ ကုမ္ပဏီက စတင်မိတ်ဆက်ခဲ့ ပြီးတော့
iPay လို့ခေါ်တဲ့စနစ်တစ်ခုကို ခရီးသည်တင်ယာဉ်တွေမှာ ကျင့်သုံးခဲ့ပါသေးတယ်။

"ခရီးသည်တင်ယာဉ်တွေမှာ iPay စနစ်ကျင့်သုံးမယ်ဆိုတော့ သေချာစဉ်းစားပါလို့ ကုမ္ပဏီကို
ပြောခဲ့တယ်။ စစချင်း ယာဉ် ၃၃၅ စီးမှာ iPay စက် အခမဲ့တပ်ပေးခဲ့တယ်။ စက်တစ်လုံးကို
ကျပ် လေးသိန်းလောက် ကျတယ်။ ဒီကြားထဲမှာ စစ်ကြည့်တော့ စက်က အလုံး ၂၈၀ ကျော်ပဲ
ရှိတော့တယ်။ ယာဉ်တွေက တခြားလိုင်းကိုပြောင်းသွားလို့ဆိုပြီး စက်တွေပါသွားတာမျိုးလည်း
ရှိတယ်။ ပြီးတော့ ပျက်သွားတာမျိုးလည်း ရှိတယ်။ စစတပ်တုန်းကကုမ္ပဏီက စက်တွေကို
လှူထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ စနစ်ကို ယာဉ်တွေအကုန်လုံးမှာ တစ်ပြိုင်နက်တည်းတပ်ဖို့
ကျတော့လည်း ကုမ္ပဏီဘက်က ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာအရ ဖြည်းဖြည်းပဲ လာတယ်။

"ဒါပေမဲ့ ရှိနေတဲ့စက်တွေကိုလည်း ယာဉ်နောက်လိုက်တွေက သေချာမသုံးနိုင်ဘူး။ ခရီးသည်က
ကတ်ဝယ်ထားတယ်။ စက်က ဘက်ထရီကုန်သွားပြီလို့ ယာဉ်နောက်လိုက်တွေက ခရီးသည်ကို
ပြောတယ်။ ဒါနဲ့ ဘက်ထရီလဲလို့ရတဲ့ နေရာလုပ်ပေးထားပြန်တော့လည်း စက်ပျက်တယ်လို့
လုပ်တယ်။ ဒါက ဘာလဲဆိုတော့ ယာဉ်နောက်လိုက်တွေ ငွေမကိုင်ရလို့ မကျေနပ်တာ
ဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင်တွေကလည်း တစ်နေ့တာအတွက် ၀င်ငွေကိုချက်ချင်းမရလို့ မကြိုက်ဘူး။
အမှန်က စသုံးသုံးချင်း မလည်ပတ်သေးခင် ခဏပဲ ဒါမျိုးဖြစ်မှာပါ။ နောက်ပိုင်းလည်ပတ်သွားပြီး
အဆင်ပြေလာရင် ကျွန်တော်တို့ ဘဏ်စနစ်အထိပါ ကျင့်သုံးလို့ရတယ်။ ဒီစနစ် ထိရောက်မှုရှိဖို့
မရှိဖို့ဆိုတာက ယာဉ်လုပ်သားတွေရဲ့ စိတ်ပါ၀င်စားမှု အပိုင်းလည်းပါတယ်"လို့ ဦးလှအောင်က
ပြောပါတယ်။

iPay စနစ်ကရော ခရီးသည်တွေအတွက် တကယ်ကိုအဆင်ပြေရဲ့လား စဉ်းစားကြည့်တဲ့အခါ
လူတန်းစားတစ်ရပ်အတွက်ပဲ အဆင်ပြေနိုင်မှာပါ။ ဟိုနားဒီနား အထူးကား ၂၀၀ ကိုတောင်
မစီးနိုင်လို့ ၅၀ တန်ကားမျိုး စောင့်စီးနေရတဲ့ခရီးသည်တွေက iPay ကတ်ထဲမှာ ငွေအရင်ကြိုထည့်
ထားနိုင်ပ့ါမလား။ တကယ်တော့ iPay ကလည်း အထူးလို့ ခေါ်တဲ့ ၂၀၀ တန်ကားတွေမှာပဲ
တပ်ထားတာဖြစ်ပါတယ်။

ဒါကြောင့် လူတန်းစားတစ်ရပ်ပဲသုံးနိုင်တာပါ။ ဒါပေမဲ့ ဒီစနစ်ကိုသဘောကျပြီး တကယ်ကို
အသုံးပြုနေတဲ့ ခရီးသည်တွေလည်းရှိခဲ့ပါတယ်။

"၅၀၀ တန်ပေးရင် စပယ်ယာက အကြွေ တစ်ရာ ပြန်အမ်းစရာမရှိလို့ ခဏစောင့်အုံးဆိုတော့
ကိုယ်ကလည်းမေ့သွားရင် ခံရတယ်။ တောင်းပြန်ရင်လည်း စပယ်ယာနဲ့ စကားများရတယ်။
ဒီစနစ်က ကျွန်မအတွက်တော့ အဆင်ပြေတယ်"လို့ ကျောက်မြောင်းက ဆရာမ ဒေါ်မြအေးက
ပြောပါတယ်။

ဒီစနစ်က မအောင်မြင်သေးပါဘူး။ ယာဉ်လုပ်သားတွေနဲ့ လစားပေးစနစ် ခရီးစဉ်လမ်းကြောင်းတူတဲ့
ကားတွေတင် မက၊ လမ်းကြောင်းမတူတဲ့ကားတွေလည်း တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင်မောင်း
တယ်။ ခရီးသည် အလုအယက်တင်တယ်။ တစ်ခါတလေကျတော့လည်း ခရီးသည်ကြောင့်
မဟုတ်ဘဲ သိက္ခာကြောင့် ပြိုင်မောင်းတယ်ဆိုတာက ရှိသေးတယ်။

ဒီလိုနဲ့ ယာဉ်တိုက်မှုတွေဖြစ်တယ်။ ခရီးသည်တွေကြားထဲက အသက်ဆုံးရှုံးရတယ်။ ဒါပေမဲ့
အမြဲတမ်း ပြိုင်မောင်းနေကြတာလား ဆိုတော့လည်း မဟုတ်ဘူး။

သူတို့အေးအေးဆေးဆေးဖြစ်တဲ့ အချိန်ကျတော့ မှတ်တိုင်မှာ အကြာကြီး ရပ်ပြီးခရီးသည်တင်လို့
ယာဉ်ကြောတွေ ပိတ်ဆို့တဲ့အထိပဲ။ ဘာလို့များ ပုံမှန် မရှိရတာလဲ။

ယာဉ်မောင်းတွေကို လစာပေးစနစ် မကျင့်သုံးနိုင်လို့လို့ ဆိုကြပါတယ်။ လစာပေး စနစ်ကို
ကျင့်သုံးကြည့်တော့ရော အောင်မြင်ရဲ့လား။

၂၀၁၃ ခုနှစ်မှာ Omni Focus ကုမ္ပဏီ က မေတ္တာလှိုင်းယာဉ်လိုင်းမှာ လစာပေးစနစ်ကို
ကျင့်သုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး။

"လစာပေးစနစ်ကို ကျွန်တော်တို့ ၂၀၁၃ ခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ကျင့်သုံးခဲ့
တယ်။ ယာဉ်မောင်းတစ်ယောက်ကို ကျပ် ၄၅၀,၀၀၀ နဲ့ ယာဉ်နောက်လိုက်တစ်ယောက်ကို
ကျပ် ၂၂၅,၀၀၀ ပေးခဲ့တယ်။ ဒါပေမဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက မရိုးသားဘူး။
ယာဉ်စီးခတွေကို ယူထားတာမျိုးရှိတယ်။ ဒါကြောင့် အရင်စနစ်အတိုင်းပဲ ပြန်လုပ်လိုက်တယ်။
အဓိက ပြဿနာကတော့ ယာဉ်နောက်လိုက်က ခရီးသည်ဆီက ပိုက်ဆံ ကောက်တဲ့စနစ်
ရှိနေတာပဲ" လို့ မေတ္တာလှိုင်းက ဥက္ကဋ္ဌ ကိုထွန်းတောက်ဝင်း ကပြောပါတယ်။

လိုအပ်နေတဲ့ မူဝါဒအပြောင်းအလဲ "ကျွန်တော်တို့နိုင်ငံရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်
မှာ တိကျတဲ့ မူဝါဒတွေမရှိဘူး ဖြစ်နေတယ်။ နောက်တစ်ခါ အဲဒီမူဝါဒတွေကလည်း
မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒတွေနဲ့ အကုန်ဆက်စပ်နေတယ်။ စည်ပင်သာယာက
သစ်ပင်စိုက်၊ လျှပ်စစ်က သစ်ပင်ခုတ်ဆိုတာမျိုးတော့ လုပ်လို့မရဘူး။ တစ်နေရာနဲ့တစ်နေရာ
အချိတ်အဆက်မိနေဖို့ လိုတယ်။ နောက်တစ်ချက်က မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး
ကော်မတီဆိုတဲ့အဖွဲ့မျိုးက မရှိသင့်တော့ဘူး။ အဲဒီ ကော်မတီဆိုတာမျိုးကအရင် စနစ်ဟောင်းရဲ့
အမွေလိုမျိုးဖြစ်နေတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ယာဉ်တွေ ကို ယာဉ်လိုင်းမှာဝင်ဆွဲပြီး သင့်တင့်
လျောက်ပတ်တဲ့ အခွန်တစ်ခုကောက်ပြီးတော့ လည်ပတ်နေတဲ့ သဘောပဲရှိတယ်။ ဒီအဖွဲ့ကို
ဆက်လက်ရှိနေစေချင်သေးတယ်ဆိုရင် ကော်ပိုရေးရှင်းပုံစံ အဖွဲ့အစည်းတွေ ပြန်လုပ်ရလိမ့်မယ်"
လို့ ရန်ကုန်မီဒီယာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးကိုကို(စက်မှုတက္ကသိုလ်)က ပြောပါတယ်။

တခြားနိုင်ငံတွေမှာ ကုန်တင်ယာဉ်အဖြစ် အသုံးပြုနေတဲ့ ဟိုင်းလပ်ယာဉ်တွေကို မြန်မာနိုင်ငံမှာ
ခရီးသည်တင်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာခဲ့ရာကနေ ခရီးသွား
ပြည်သူတွေအတွက် အန္တရာယ်များတဲ့အတွက် ဟိုင်းလပ်တွေနေရာမှာ မီနီဘတ်စ်တွေနဲ့
အစားထိုးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ မီနီဘတ်စ်တွေကို ဟိုင်းလပ်တွေနေရာမှာ အပြည့်အဝ
အသုံးမချနိုင်သေးခင်မှာ ပြေးဆွဲခွင့်ကန့်သတ်လိုက်ခြင်းဟာ စနစ်တကျ မရှိမှုကိုဖော်ပြနေပါတယ်။

နောက်ဆုံးမှာတော့ ဒုက္ခခံကြရတာကတော့ ခရီးသည်တွေပဲဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေ
အနေနဲ့ ယာဉ်ကြော ပိတ်ဆို့မှုအပါအဝင် ခရီးသည်တင်ချ လုပ်တဲ့ကြာချိန်တွေပါ ပေါင်းရင်
အလုပ်သွားအလုပ် ပြန်အတွက် မနက်ကို ၂ နာရီခန့်နဲ့ ညနေဘက် ကို ၂ နာရီခန့်အချိန်ယူရပါ
တယ်။

"ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတွေအများကြီးလုပ်နေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့
ကျွန်တော်တို့လို သာမန်လူတန်းစားအတွက် ဘတ်စ်ကားတွေကတော့ ဒီတိုင်းပဲ။ အမြဲတမ်း
လူပြည့်ကျပ်နေတယ်။ ကျွန်တော်ကတော့ လက်ရှိ ခရီးသည် သယ်ယူပို့ဆောင်ရေးစနစ်ကို
လုံးဝကို မကြိုက်ဘူး။ ကျွန်တော့်လို ကုမ္ပဏီက လခစား ၀န်ထမ်းတစ်ယောက်အနေနဲ့ နေ့စဉ်
အလုပ်အသွားအပြန်အတွက် ဒီဘတ်စ်ကားတွေကိုပဲအားကိုးနေရတာ။ ဘယ်သူက ဒီသယ်ယူ
ပို့ဆောင်ရေးစနစ် ပိုကောင်းလာအောင် လုပ်ပေးနိုင်မလဲ ဆိုတာကို စိတ်ဝင်စားတယ်။ တကယ့်ကို
စနစ်ကျတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် တစ်ခု ရှိလာစေချင်တယ်" လို့ တောင်ဒဂုံက
ဦးဝင်းကြည်က ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်အထိတော့ ပြည်သူတွေက မလူးသာမလွန့်သာ အခြေအနေနဲ့
စိတ်ကျေနပ်မှုမရတဲ့ ရန်ကုန်မြို့ပြရဲ့ သယ်ယူပို့ဆောင်ရေး စနစ်အောက်မှာ ကိုယ်စီ သွားလာ
လှုပ်ရှားနေရဆဲပါပဲ။

နိုင်ငံမှာ အပြောင်းအလဲတွေလုပ်နေတယ်လို့ဆိုပေမယ့် သယ်ယူပို့ဆောင်ရေးစနစ်ကတော့
မပြောင်းလဲသေးပါဘူး။

ဘာလိုလိုနဲ့ မိုးရာသီရောက်လာပြီဆိုတော့ ကြံ့ခိုင်မှုမရှိတဲ့ ယာဉ်တွေကြောင့် ခရီးသည်တွေက
ကားစီးရင်း မိုးယိုတဲ့ဒဏ်၊ မိုးပက်တဲ့ ဒဏ်တွေကို ခံစားနေကြရအုံးမှာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး