ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြို့နယ်ရုံးများ ဖွင့်လှစ်ခဲ့
သည့် စုပေါင်းတိုင်းတရားရုံးအား ပုဂ္ဂလိက ကုမ္ပဏီသို့ ငှားရမ်းလွှဲပြောင်းခဲ့သည့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ရှေ့နေများ ကွန်ရက်က တရားလိုလုပ်ကာ တရားစွဲဆိုသွားမည်ဟု
မေလ ၂၈ ရက်နေ့က ကြေညာခဲ့သည်။
စုပေါင်းတိုင်းတရားရုံးကို ဟိုတယ်အဖြစ် ပြုပြင်ဆောက်လုပ်ခွင့် ပေးလိုက်ခြင်းနှင့် ရန်ကုန်တိုင်း
ဒေကြီး တရားလွှတ်တော်ကို ပြတိုက်အဖြစ် ပြုပြင်ဖွင့်လှစ်ရန် သဘောတူခဲ့သည့်အပေါ်
မြန်မာနိုင်ငံရှေ့နေများကွန်ရက်က မေလ ၂၈ ရက်နေ့တွင် ထပ်မံဆန္ဒပြကန့်ကွက်ခဲ့ပြီး ခွင့်ပြုမိန့်
ပေးသည့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တရားစွဲဆိုမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ နောက်လထဲမှာ တရားစွဲသွားမှာပါ။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ အဓိက တာဝန်ရှိ
တဲ့အတွက် သူ့ကိုပဲ တရားစွဲရခြင်း ဖြစ်ပါတယ်။ သူတို့ကို တရားစွဲတဲ့အခါမှာ သီးခြားသက်သာခွင့်
ဥပဒေပုဒ်မ ၄၂ အရ တရားစွဲမှာပါ။ ဒီစုပေါင်းတိုင်း တရားရုံးရဲ့ ကာလပေါက်ဈေးက သိန်း ၅,၀၀၀
နီးပါးရှိတဲ့ အတွက် တရားစွဲတဲ့အခါ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာပဲ စွဲသွားမှာပါ"ဟု
တရားလိုအကျိုးဆောင်အဖြစ် ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးစိုးတင့်ရီက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည်
၂၀၁၁ ခုနှစ်တွင် တင်ဒါခေါ်ကာ စုပေါင်း တိုင်းတရားရုံးကို မြန်မာနိုင်ငံသားပိုင်ဆိုင်သည့်
Flying Tiger ကုမ္ပဏီအား လုပ်ကိုင်ခွင့်အတွက် ရွေးချယ်ခဲ့ပြီး တရားလွှတ်တော်ကိုမူ
ထွန်းဖောင်ဒေးရှင်းဘဏ်လီမိတက်ကို လုပ်ကိုင်ခွင့်ပေးရန် ရွေးချယ်ခဲ့သည်။
Flying Tiger ကုမ္ပဏီသည် အခန်း ၁၈၀ ပါ နိုင်ငံတကာအဆင့်မီ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရာ
တွင် နှစ် ရ၀ သက်တမ်းငှားရမ်းခြင်းအတွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းနှင့် နှစ်စဉ်
ငှားရမ်းခနှုန်းအဖြစ် ဟိုတယ်ဝင်ငွေ၏ ခုနစ် ရာခိုင်နှုန်းကို နိုင်ငံတော်သို့ပေးသွင်းရန် စာချုပ်ချုပ်
ထားသည်ဟု ကုမ္ပဏီမန်နေးဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်က မြန်မာတိုင်း(မ်) ကို ပြောသည်။
"ကျွန်တော်တို့က တစ်ဦးတစ်ယောက်တည်း ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး။ တိုင်းပြည်
အတွက် အကျိုးဖြစ်ထွန်းမှု ရှိ၊ မရှိ ဆိုတာကို ပြည်သူကပဲ သုံးသပ်ရပါလိမ့်မယ်။ ကျွန်တော်တို့
ကတော့ လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်သွားမယ်"ဟု ၎င်းက ပြောသည်။
ဟိုတယ်အဖြစ် ပြုပြင်ဆောက်လုပ်ရာတွင် ၃၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး မည်သည့်
အနှောင့်အယှက်မှမရှိပါက ၂၀၁၆ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက
ပြောကြားသည်။
ရှေ့နေများကွန်ရက်က တရားစွဲမည်ဟု ပြောဆိုခြင်းအပေါ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို
တာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

















