ဒလမြို့နယ်ရှိ ရေရှားပါးသော ရပ်ကွက်များ၌ အများသုံး အုတ်ကန်များမှတစ်ဆင့် နံနက်ပိုင်းတွင်
ငါးနာရီ၊ ညနေပိုင်းတွင် ငါးနာရီခန့် အခမဲ့ အကန့်အသန့်မရှိ ပေးဝေလျက်ရှိနေပြီး အိမ်များသို့
ရေပိုက်လိုင်းသွယ်တန်းရန် လျှောက်ထားမှုများအား ဇူလိုင်လအတွင်း အပြီးဆောင်ရွက်ပေးမည်
ဖြစ်သည်။
"အများသုံးအုတ်ကန်နဲ့ ချပေးတာက ကျွန်တော်တို့ စည်ပင်သာယာကနေ အုတ်ကန်လိုအပ်တဲ့
နေရာမှာ အသစ်ထပ်လုပ်ပေးတာ ရှိတယ်။ အဟောင်းတွေကို ပြန်ပြုပြင်ပြီး ရေတွန်းပို့ပေးတာ
ရှိတယ်။ အခုလက်ရှိဒီလိုပေးထားတဲ့ နေရာတွေက အရင်နှစ်တွေက ရေကားနဲ့ လှည့်ပေးနေရတဲ့
နေရာတွေပေါ့။ အခုကတော့ အုတ်ကန်တွေ လုပ်ပေးလိုက်တယ်။ ရေတွန်းပေးထားတယ်။
မနက်တစ်ကြိမ် ညနေ တစ်ကြိမ်၊ ရေသယ်ယူတဲ့အခါမှာ တစ်အိမ်ကို ဘယ်နှစ်ထမ်းဆိုတာမျိုး
သတ်မှတ်မထားဘူး။ အဆင်ပြေသလောက်သယ်ဖို့ လုပ်ပေးထားတယ်။ ရေလာတဲ့အချိန်တိုင်းမှာ
အကန့်အသတ်မရှိ ကြိုက်သေလောက် ရေသယ်ခွင့်ပေးထားတယ်"ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာ ရေးကော်မတီ ဒလမြို့နယ်တာဝန်ခံ ဦးနေဝင်း က ပြောသည်။
ရေရှားသည့်နေရာ ဦးစားပေးအနေဖြင့် ရာဇသင်္ကြန်ရပ်ကွက်တွင် ကန်သုံးလုံး၊ သမ္မတကမ်းခြေ
ရပ်ကွက်၌ လေးလုံး၊ ၁၁၊ ၁၄ ရပ်ကွက် တွင် နှစ်လုံးကို ကနဦး စီစဉ်ပေးထားသည်။
"ရေလာနေတဲ့အချိန်တိုင်းခပ်ခွင့်ရှိတယ်။ အရင်တုန်းကလို အင်န်ဂျီအိုတွေကကူညီထားတဲ့
သိုလှောင်ကန်ထဲကရေကို တစ်အိမ်အထမ်းအရေအတွက်ဘယ်လောက်နဲ့ ကန့်သတ်ထားတာမျိုး
မရှိတော့ဘူး။ စည်ပင်လုပ်ပေးတာပါ။ ငွေလည်းမသွင်းရပါဘူး။ အခုပေးထားတဲ့ အုတ်ကန်ထဲက
ရေတွေကတော့ စည်ပင်လုပ် ပေးတာပါ။ ပိုက်လိုင်းကနေအုတ်ကန်တွေထဲကို တိုက်ရိုက်
ရေတွန်းပေးထားတာ ဖြစ်ပါတယ်"ဟု ရာဇသင်္ကြန်ရပ်ကွက် အလယ်ပိုင်းအတွင်းရှိ အုတ်ကန်တွင်
ရေသယ်ယူနေသည့် ကိုသက်နိုင်စိုးက ပြောသည်။
ဒလမြို့နယ်အတွင်း စည်ပင်သာယာရေ သွယ်ယူသည့် အိမ်ခြေပေါင်းမှာ တစ်မြို့နယ်လုံး၏
သုံးပုံတစ်ပုံသာရှိပြီး အများစုမှာ သိုလှောင်ကန်ရေကိုသာ အသုံးပြုမှုနေကြဆဲဖြစ်သည်။
"တချို့ကတော့ ရေသွယ်ထားတဲ့အိမ်ကနေ ပွားယူတာတွေရှိတယ်။ ပွားတယ်ဆိုတာကတော့
ပိုက်လိုင်းရထားတဲ့အိမ်မှာ အထမ်းနဲ့ခပ်ပြီး ၀ယ်သုံးကြတာ။ ပိုက်လိုင်းပွားထားတာတော့
မဟုတ်ဘူး။ အခုဒီလို ရေပေးဝေရေးကို အရင်ထက်မြှင့်တင်ပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ အချိန်မှာ
ရေအသစ်သွယ်ပေးတာတွေကို ခဏရပ်လိုက်ရတာရှိတယ်။ ရေပိုက်လိုင်းကြီးပြင်ပြီးမှ ထပ်ရချင်
ပါတယ်ဆိုတဲ့ အိမ်တွေကို ရေသွယ်ပေးနိုင်ဖို့ လုပ်ရမှာဖြစ်ပါတယ်"ဟု ဦးနေဝင်းက ပြောသည်။
ရေပိုက်သွယ်တန်းလိုသည့် အိမ်အရေအတွက် နှင့်ဌာနက ပေးနိုင်မည့် ရေပမာဏအား
လုံလောက်မှု ရှိမရှိ ပြန်လည်တွက်ချက်ပြီးနောက် လျှောက်ထားသည့်အိမ်များကို ဇူလိုင်လကုန်ပိုင်း
တွင် ပိုက်လိုင်းချပြီးသည်နှင့် ရေရစေရန်ဆောင်ရွက်ပေးမည်ဟု ၎င်းက ပြောသည်။
"ရပ်ကွက်ထဲကလူတွေ ရေကို လိုသလောက် ယူလို့ရနေတာဆိုတော့ အရင်ထက်စာရင်
အများကြီးသာပါတယ်။ အခုတော့ရေကအလျှံပယ်ပဲ။ ကလေးတွေလည်း တစ်နေ့ကို နှစ်ခါ
သုံးခါလောက် ရေခပ်ချိုးကြတယ်"ဟု ဗိုလ်မင်းရောင် လမ်းသွယ်နေ ဒေါ်ရီရီ ကပြောသည်။

















