ရန်ကုန်မြို့တွင်း စာသင်ကျောင်းများရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်) ဒုတိယရဲတပ်ဖွဲ့မှူးကြီး လင်းထွဋ်
က ဇွန်လ ၆ ရက်နေ့တွင် ပြောကြားသည်။
"ကျောင်းဖွင့်ရာသီတွေမှာ လမ်းမတွေနဲ့နီးတဲ့ကျောင်းတွေမှာ ကျောင်းကားတွေ နှစ်ထပ် သုံးထပ်
ရပ်တာတွေက တကယ်တမ်း ဥပဒေကို ကိုင်တွယ်ပြီး ဖြေရှင်းမယ်ဆိုရင် ကျောင်းသားနဲ့ ၀န်ဆောင်မှု
ပေးတဲ့ တပ်ဖွဲ့ဝင်တွေကြားမှ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်ပေါ်နေတာကို အရေးယူလို့
ရပေမယ့် ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဖြေရှင်းပေးနေပါတယ်။ လမ်းမကြီးတွေနားက ကျောင်းတွေမှာ
ကား ပါကင်လုံလောက်မှု မရှိဘဲနဲ့ ဒီပြဿနာတွေကို ရေရှည်မှာ နည်းလမ်းတစ်ခုရှာပြီး ဖြေရှင်း
သွားမယ်။ တစ်နည်းအားဖြင့် ကျောင်းကားတွေစီစဉ်သွားဖို့ကို ဆောင်ရွက်ခိုင်းမှာပါ" ဟု ၎င်းက
ပြောသည်။
ထို့ပြင် လူသွားစင်္ကြံများပေါ်တွင် ရပ်တန့်နေသည့် ယာဉ်များကိုလည်း ဖမ်းဆီးအရေးယူရန် တင်ပြ
ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကပြောသည်။
"လူသွား ပလက်ဖောင်းစင်္ကြံပေါ်မှာ ယာဉ်တွေရပ်ထားတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ပလက်ဖောင်း
ဆိုတာ လူသွားလာဖို့ ခင်းထားတဲ့ လမ်းဖြစ်တဲ့အတွက်ကြောင့် လမ်းဘေးမှာ ယာဉ်မရပ်ရလို့
ပလက်ဖောင်းတွေပေါ်မှာ ယာဉ်တက်ရပ်တာ ဥပဒေကို လက်တစ်လုံးခြား လုပ်တာဖြစ်တဲ့
အတွက်ကြောင့် အရေးယူသွားဖို့ကို တင်ပြဆောင်ရွက်သွားမယ်" ဟု ဒုတိယရဲတပ်ဖွဲ့မှူးကြီး
လင်းထွဋ်က ပြောကြားသည်။
ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယာဉ်မရပ်ရလမ်း
ရ၇ လမ်းကို သက်မှတ်ခဲ့ပြီး စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များအား ဖမ်းဆီး အရေးယူမှုကို
၂၀၁၃ နို၀င်ဘာလ ၁၁ ရက်နေ့ မှ စတင်ခဲ့သည်။
ဇွန်လ ၃ ရက်နေ့တွင် ယာဉ်မရပ်လမ်း ငါးလမ်း ထပ်မံတိုးချဲ့ခဲ့သည်။
ယာဉ်မရပ်ရသတ်မှတ်ထားသည့် လမ်းများ၌ ရပ်ထားသည့်ယာဉ်များအား ဖမ်းဆီးအရေးယူခဲ့သည်
မှာ ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလမှ ယခုနှစ် ဇွန်လ ၁ ရက်နေ့အထိ ၈,၇၁၈ မှု ရှိခဲ့ပြီဖြစ်သည်။

















