ရန်ကုန်မြို့၌ ခုံးကျော်တံတား နှစ်စင်းကို ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည်
ဖြစ်ကြောင်း သမ္မတရုံး ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောကြားသည်။
"၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်မှာ ရန်ကုန်မြို့အတွင်း ပြည်လမ်းမရှိ မြေနီကုန်းခုံးကျော် တံတားကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်မှာဖြစ်ပါတယ်။ မြန်မာ့မီးရထား
ကလည်း အင်းစိန်ရထားလမ်း ခုံးကျော်တံတား ထပ်မံတည်ဆောက်မှာဖြစ်ပါတယ်" ဟု ဇွန်လ
၁၇ ရက်က အမျိုးသားလွှတ်တော်တွင် ၎င်းကပြောသည်။
ထို့ပြင် မြို့သစ်များထဲ၌ လူနေထူထပ်ပြီး စည်ကားသော မြို့သစ်များဖြစ်သည့် တောင်ဒဂုံနှင့်
မြောက်ဒဂုံကို ဆက်သွယ်ထားသော ပြည်ထောင်စု လမ်းမကြီးကိုလည်း လက်ရှိလမ်း၏
အရှေ့ဘက်တွင် အရန်သင့်ရှိနေသော မြေနေရာအတိုင်း အသွား၊ အပြန်လမ်း ထပ်မံဖောက်လုပ်
မည်ဖြစ်သည်။
"လောလောဆယ်အားဖြင့် လမ်းမြေတိုင်းတာမှုများ စတင်ဆောင်ရွက်လျက်ရှိပါတယ်" ဟု
ဦးအောင်သိမ်းက ပြောသည်။
















