ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းမျာအရ ယခုနှစ်အတွင်း မြန်မာနိုင်တစ်နိုင်ငံလုံးတွင်
သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁,၁၀၀ ခန့်ရှိပြီး သေဆုံးသူ လေးဦး ရှိခဲ့ကာ
ရန်ကုန်တိုင်းဒေသကြီးသည် ကူးစက်ခံရသည့်နှုန်း အများဆုံးဖြစ်သည်။
ဇန်နဝါရီလမှ မေလနောက်ဆုံးပတ်အထိ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း
သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၆၀၀ ကျော်ရှိပြီး သေဆုံးသူသုံးဦးရှိခဲ့သည်။
"ဒီနှစ်ကတော့ မနှစ်ကလောက် သွေးလွန်တုပ်ကွေး ဖြစ်နှုန်းမမြင့်ပါဘူး။ မနှစ်ကဇွန်၊ ဇူလိုင်လ
တွေမှာဆိုရင် ဖြစ်တဲ့သူ ၅,၀၀၀ ကျော်ရှိခဲ့တယ်။ အခုတော့ ရာကျော်ပဲ ရှိတဲ့အတွက်
တော်တော်လေးတော့ လျော့သွားပါတယ်။ ဒါပေမဲ့ မနှစ်ကဖြစ်တဲ့သူက အရမ်းများခဲ့တယ်ဆိုတော့
လူနာတွေ ကျန်သေးတဲ့အတွက် မပြတ်စောင့်ကြည့်နေရတဲ့ အနေအထားရှိပါတယ်" ဟု
ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါနှိမ်နှင်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာနီနီအေးက ပြောသည်။
၂၀၁၃ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၂၀,၀၀၀ နှင့်
သေဆုံးသူ ၈၉ ဦးရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄,၇၄၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၂ ဦးအထိ
ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်သည့် ရောဂါဖြစ်ပြီး အသက် ငါးနှစ်မှ
ကိုးနှစ်ကြားကလေးငယ်များတွင် အဖြစ်များတတ်ပြီး အသက် ၁၅ နှစ်ကျော် လူကြီးများတွင်လည်း
ဖြစ်ပွားတတ်သည်ဟု ဒေါက်တာ နီနီအေးက ပြောသည်။
ထို့ပြင် တစ်နှစ်ပတ်လုံး ရောဂါဖြစ်ပွားတတ်ပြီးကြောင်း မိုးရာသီများတွင် ဖြစ်ပွားနှုန်းမြင့်မားသည်ဟု
၎င်းပြောသည်။
လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီးအပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်က္ခမီ
မြို့နယ်တို့နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားမှုများနေသည့်အတွက် ကွင်းဆင်း လေ့လာမှုများ
ပြုလုပ်လျက်ရှိသည်ဟု ဒေါက်တာနီနီအေးကပြောသည်။
ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇန်နဝါရီလမှ မတ်လအထိ
သွေးလွန်တုပ်ကွေးရောဂါကြောင့် ရန်ကင်းကလေးဆေးရုံသို့ တက်ရသူ ၁၄၉ ဦးရှိပြီး သေဆုံးသူ
မရှိဟု ပြောသည်။
"သွေးလွန်တုပ်ကွေးဖြစ်ပွားမှု လျော့တာကတော့ ရာသီပေါ်လည်း မူတည်တယ်၊ နှစ်အလိုက်လည်း
ဖြစ်တာရှိတယ်၊ ခန့်မှန်းလို့ လည်းမရဘူး၊ ရန်ကုန်ကတော့ လူဦးရေထူထပ်တဲ့အတွက်
ကူးစက်နှုန်းများပြီးတော့ အဖြစ်များတဲ့အထဲ အမြဲပါတယ်" ဟု ၎င်းကပြောသည်။
အသက် သုံးနှစ်နှင့် ခုနစ်နှစ်ကြား ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးအဖြစ်များပြီး
ပြင်းထန်သည့် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးတတ်ကြောင်း ဒေါက်တာအောင်မြင့်လွင်
ကပြောသည်။
















