ရန်ကုန်မြို့တွင် အခြေစိုက်ထုတ်ဝေသော ဂျာနယ်အချို့နှင့် သတင်းစာအချို့တို့မှ တာဝန်ရှိသူ
များကို အထူးသတင်းတပ်ဖွဲ့မှ ဇွန်၂၁ရက်မှ စတင်ကာ ခေါ်ယူမေးမြန်းလျက်ရှိနေကြောင်း
စာနယ်ဇင်းအသိုင်းအဝိုင်းမှ သိရသည်။
ဂျာနယ်အချို့နှင့် သတင်းစာအချို့တို့မှ တာဝန်ရှိသူများကို ပန်းဆိုးတန်းတွင်ရှိသော အထူးသတင်း
တပ်ဖွဲ့၏ ရုံးခန်းသို့ လာရောက်ရန် ဖုန်းဖြင့် အကြောင်းကြားကာ ဖိတ်ခေါ်ခဲ့ပြီး ဂျာနယ်(သို့)
သတင်းစာတိုက်၏ လုပ်ငန်းလည်ပတ်နေမှု အကြောင်းအရာများကို အဓိကမေးမြန်းခဲ့ကြောင်း
The Voice သတင်းစာမှ အယ်ဒီတာ ကိုအောင်စိုးက ပြောသည်။
"ဂျာနယ်တွေ၊ သတင်းစာတွေက ရှုံးတယ်လို့ ပြောပြီး ဘာကြောင့် ဆက်ထုတ်နိုင်ရတာလဲ။
ဘယ်လိုငွေတွေနဲ့ ဆက်ထုတ်နေတာလဲဆိုတာကို မေးတယ်။ လုပ်ငန်းကဘယ်လိုလည်ပတ်
နေလဲ။ နောက်ပြီး အကျိုးအမြတ် အခြေအနေက ဘယ်လိုလဲဆိုတဲ့ မေးခွန်းမျိုးတွေ မေးတယ်"ဟု
၎င်းက ပြောသည်။
ထို့အပြင် ဂျာနယ်တစ်စောင်ကို ထုတ်ဝေမည်ဆိုပါက မည်သို့ ထုတ်ဝေရသနည်းဟူသော မေးခွန်း၊
၀န်ထမ်း လိုအပ်မှုအခြေအနေ၊ ငွေကြေးများကိုလည်း အယ်ဒီတာချုပ်ကိုယ်တိုင် စီမံဆောင်ရွက်ခြင်း
ရှိ၊ မရှိ စသည့်မေးခွန်း များကိုလည်း မေးမြန်းခဲ့ကြောင်း ပေါ်ပြူလာဂျာနယ်မှ အယ်ဒီတာချုပ်
ကိုမျိုး(မြန်မာစာ)က ပြောသည်။
"ကျွန်တော့်ကို မေးပြီးတဲ့အခါကျတော့ တခြားမီဒီယာက လူတွေကိုလည်း မေးချင်တယ်။ ပြောပေး
ပါလားဆိုပြီး ပြောတယ်။ သူတို့ခေါ်မယ်ဆိုရင် သံသယဝင်သွားတာရှိလိမ့်မယ်တဲ့။ ကျွန်တော်
တောင် သွားတုန်းက သံသယ ရှိတယ်ဗျာ။ ကျွန်တော်တို့က မေးတဲ့ကိစ္စက သံတော်ဆင့်ဂျာနယ်
ကိစ္စနဲ့များ ပတ်သက်နေလားဆိုတော့ မဟုတ်ပါဘူးလို့ ပြန်ပြောတယ်။ မိတ်ဆွေတစ်ယောက်
အနေနဲ့ သိချင်ရုံသက်သက်ပါ"ဟု ၎င်းက ပြောသည်။
အထူးသတင်းတပ်ဖွဲ့သည် The Voice သတင်းစာနှင့် ပေါ်ပြူလာဂျာနယ်တို့အပြင် ယူနတီဂျာနယ်နှင့် မြန်မာပို့စ်ဂျာနယ်တို့ကိုလည်း ခေါ်ယူမေးမြန်းခဲ့ပြီး ပြည်သူ့ခေတ်ဂျာနယ်ကို
လည်း မေးမြန်းရန် အကြောင်းကြား ထားသည်။ အဆိုပါ သတင်းစာနှင့် ဂျာနယ် ငါးစောင်တို့အပြင်
အခြားသော သတင်းစာနှင့် ဂျာနယ်များမှ တာဝန်ရှိသူများ ကိုလည်း ယင်းကဲ့သို့ မေးမြန်းမှုများ
ဆက်လက်ပြုလုပ်သွားမည်ဟု သတင်းတပ်ဖွဲ့က ပြောဆိုထားပြီး ယင်းသို့ မေးမြန်းမှုများကို
ရှင်းလင်းဖြေကြားပေးရန် အဓိကတာဝန်ရှိသော ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်နှင့်
အထူးသတင်းတပ်ဖွဲ့တို့ကို ဆက်သွယ်သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပေ။

















