ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်ပြင်ဆင်သတ်မှတ်ရန် စိစစ်ထားသည့် အိမ်ခြံမြေတစ်ပေ
ပတ်လည် ဈေးနှုန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရရှိပါက မကြာမီထုတ်
ပြန်ပေးသွားဖွယ် ရှိကြောင်း ပြန်တွင်းအခွန်များဦးစီးဌာန၊ ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ
တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ မြဝတီနေ့စဉ်သတင်းစာက ဇွန်လ၂၃ရက်နေ့တွင် ဖော်ပြခဲ့သည်။
ရန်ကုန်မြို့တော်တွင်း အိမ်ခြံမြေဈေးနှုန်းများ အဆမတန် ဖောင်းပွမြင့်တက်လျက်ရှိရာ ယခင်
သတ်မှတ်ထားသော အိမ်ခြံမြေဈေးနှုန်းများမှာ အကျိုးသက်ရောက်မှုနည်းခြင်းကြောင့် ပြန်လည်
ပြင်ဆင်သတ်မှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအတည်ပြုသတ်မှတ်ရန် လျာထားသောဈေးနှုန်းများမှာ ပြင်ပလက်ရှိပေါက်ဈေးနှုန်းများနှင့်
အနီးစပ်ဆုံး သင့်တင့်သော ဈေးနှုန်းများဖြစ်အောင် ပြင်ထားသည်ဟု သိရသည်။ ယခင်သတ်မှတ်
မှုများရှိသော်လည်း အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်နေမှုကြောင့် အကျိုးဆက်အနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားနိုင်ဖွယ်ရှိသောကြောင့်
စံနှုန်းသတ်မှတ်ရခြင်းဖြစ်ပြီး၊ ယခုဇွန်လဆန်းပိုင်းအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း
သိရသည်။
ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်ရန် လျာထားသော ရန်ကုန်မြို့အတွင်းတစ်ပေ
ပတ်လည် မြေစံနှုန်းမှာ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ်တို့၌ လမ်းကျယ်၊
လမ်းကျဉ်းနှင့် နေရာပေါ်မူတည်၍ တစ်ပေပတ်လည်လျှင် ငွေကျပ် ၁၄၀၀၀၀မှ ငွေကျပ်၂၄၀၀၀၀
အထိ သတ်မှတ်ထားပြီး ဗိုလ်တစ်ထောင်မြို့နယ်၌ မြေဈေးနှုန်းမှာ တစ်ပေပတ်လည် ငွေကျပ်
၁၂၀၀၀၀၊ ပုဇွန်တောင်မြို့နယ်၌လည်း တစ်ပေပတ်လည် ငွေကျပ် ရ၀၀၀၀ မှ ငွေကျပ် ၁၈၅၀၀၀
စသဖြင့် မြို့တွင်း၊ မြို့ပြင်နေရာဒေသကို လိုက်၍ ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။
"ဈေးနှုန်းကို အခုလိုသတ်မှတ်လိုက်တော့ ကောင်းတာပေါ့။ အိမ်ခြံမြေဈေးကွက်မှာတော့ များသော
အားဖြင့် ပိုင်ရှင်နဲ့ ၀ယ်လက်နဲ့ ဈေးညှိပြီး ကြိုက်တယ်ဆိုရင် အရောင်းအဝယ်ဖြစ်တာပဲဗျာ။ အခုလို
ကန့်သတ်လိုက်လို့ အကျိုးသက်ရောက်မှုရှိ၊ မရှိတော့ မပြောတတ်ဘူးလေ။ ပြီးတော့ မြေကွက်
အများစုက တစ်ပေပတ်လည် ဈေးနှုန်းနဲ့ ရောင်းတာထက် အကျယ်အဝန်းဧရိယာနဲ့ရောင်းတာက
များပါတယ်" ဟု ပြည့်စံအိမ်ခြံမြေ ရောင်းဝယ်ရေးမှ ကိုမျိုးက မြန်မာတိုင်းမ်သို့ ပြောကြားသည်။
ယခင်အိမ်ခြံမြေဈေးနှုန်းကို စံနှုန်းသတ်မှတ်မှုများရှိခဲ့သော်လည်း အိမ်ခြံမြေအရောင်းအဝယ်
အများစုမှာ ယင်းသတ်မှတ်ချက်ကို လိုက်နာရန် အားနည်းလျက်ရှိကြောင်း သိရသည်။

















