နန်းသီတာ ဆိပ်ကမ်း ဧရိယာအတွင်း အထပ်မြင့်စီးပွားရေး အဆောက်အအုံ တည်ဆောက်မည်

နန်းသီတာ ဆိပ်ကမ်း ဧရိယာအတွင်း အထပ်မြင့်စီးပွားရေး အဆောက်အအုံ တည်ဆောက်မည်

ပန်းဆိုးတန်းဆိပ်ကမ်း တည်ဆောက်ခွင့်တင်ဒါ ရရှိခဲ့သည့် New Downtown Development
ကုမ္ပဏီသည် ပန်းဆိုးတန်း နန်းသီတာမြေဧရိယာတွင် ကုမ္ပဏီ၏ စီးပွားရေးအဆောက်အအုံအဖြစ်
၁၀ ထပ်အမြင့်ရှိအဆင့်မြင့် ခေတ်မီဈေးဝယ်စင်တာ အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိမည်
ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။

"နှစ် ၅၀ ဘီအိုတီစနစ်ဖြစ်တဲ့အတွက် သက်တမ်းစေ့တဲ့အခါမှာ အဆောက်အအုံတွေကို အစိုးရကို
ပြန်လည်အပ်နှံရမှာဖြစ်ပါတယ်။ မြေအသုံးချခွင့်အတွက် ကုမ္ပဏီက ပရီမီယံကြေး ဒေါ်လာ
တစ်သန်း၊ မြေငှားရမ်းခအတွက် တစ်နှစ်ဒေါ်လာ တစ်သန်းခွဲကျော် အစိုးရကိုပေးသွင်းရမှာ
ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ပန်းဆိုးတန်း ဆိပ်ခံဘောတံတား တည်ဆောက်ပြီးစီးပါက ပို့ဆောင်ရေးဝန်ကြီး ဌာနသို့ အပ်နှံပြီး
ပန်းဆိုးတန်း နန်းသီတာ ဧရိယာအတွင်း မြေနေရာငှားရမ်းခပေးသွင်းလျက် အဆိုပါကုမ္ပဏီ၏
အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်မည်ဖြစ်သည်။

"အဆောက်အအုံပုံစံအတွက် ဘယ်လိုပုံစံဆောက်မယ်ဆိုတာတော့ မသိရသေးပါဘူး။
ကုမ္ပဏီအနေနဲ့ ပုံဖော်နေတုန်းပဲ ရှိပါသေးတယ်။ ပထမကတော့ အထပ် ၂၀ ဆောက်ဖို့ပါ။ ဒါပေမဲ့
အခုက ၁၀ ထပ်ပဲဖြစ်လိမ့်မယ်"ဟု ပို့ဆောင်ရေးမှ သတင်းတာဝန်ခံ ဦးထိန်လင်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုစတင် တည်ဆောက်နေသော ပန်းဆိုးတန်းဆိပ်ကမ်းနှင့် နားနေဆောင် တည်ဆောက်မှုကို
တစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးစီမံကိန်း တစ်ခုလုံးအတွက်
အမေရိကန်ဒေါ်လာ ရှစ်သန်း ကုန်ကျမည်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး