ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ဘက်မှ
ကျောက်တံတားမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ပရိုဘောက်စ်ယာဉ် တိုက်မိမှုကြောင့်
လူနှစ်ဦး သေဆုံးခဲ့သည်။
အဆိုပါယာဉ်သည် မဟာဗန္ဓုလလမ်း ၃၁ လမ်းဆက်သွယ်ရေးရုံးရှေ့မှ မောင်းနှင်လာရာ
ရုတ်တရက် ရပ်တန့်နောက်ဆုတ် မောင်းနှင်စဉ် ဟွန်ဒါဖစ်ယာဉ်နှင့် နစ်ဆန်းအေဒီဗင် အဖြူရောင်
ယာဉ်တို့ကို တိုက်မိခဲ့သည်။
ထို့နောက် ၀ဲဘက်သို့ ချိုးကွေ့၍ လမ်းပြောင်းပြန်မောင်းနှင်စဉ် လမ်းစပ်တွင်ရပ်ထားသည့်
အခြားယာဉ်နှစ်စီးကို ထပ်မံ တိုက်မိခဲ့သည်။
ယာဉ်မောင်းသူက ယာဉ်ကို မဟာဗန္ဓုလလမ်းအတိုင်း ၀ဲဘက်သို့ ပြန်ကွေ့ မောင်းနှင် ထွက်သွား
သည်။
ထို့နောက် ဆူးလေ မီးရထားခုံးတံတားအတိုင်း မောင်းနှင်လာပြီး ဗိုလ်ချုပ်လမ်းဆုံအရောက်
အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်သို့ တက်ရောက်သွားခဲ့ပြီး လမ်းလယ်ကျွန်းပေါ်တွင်
ထိုင်နေသည့် လူငါးဦးကို တိုက်မိခဲ့ရာ နှစ်ဦးမှာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။
ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့သည့် ပန်းဘဲတန်းမြို့နယ် ဆက်သွယ်ရေးရုံးရှေ့မှ စတင်၍ ယာဉ်ကို
ဖမ်းဆီးရန် ကြိုးစားရင်း ယာဉ်ဘောနပ်ဖုံးပေါ်တွင် ပါလာသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုတပ်ကြပ်
သက်ပိုင်စိုး မှာလည်း ယာဉ်ပေါ်က ပြုတ်ကျကာ ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်မောင်းနှင်သူမှာ
ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ စမ်းချောင်းမြို့နယ်နေ မောင်မောင်(၂၄ နှစ်) ကို
ဖမ်းဆီးရမိခဲ့သည်။
ပန်းဘဲတန်း မြို့မ ရဲစခန်းက ပြစ်မှုပုဒ်မ ၂၇၉/၂၀၂၊ ကျောက်တံတားမြို့မရဲစခန်းက ယာဉ်ပြစ်မှုပုဒ်မ
၃၀၄ က/၃၃၈/၃၃၇/၂၀၂ အရ အမှုဖွင့်ထားသည်။
















