လူရည်ချွန် (၁၉၆၄ှ-၈၈) အဖွဲ့က အောင်ဇေယျမြို့တော်၊ လှိုင်သာယာတွင် ကုသိုလ်
ဖြစ်ဆေးခန်း ဖွင့်လှစ်သွားမည့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၄ရက်နေ့က ဗိုလ်
တထောင်မြို့နယ်ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
"လှိုင်သာယာကို ရွေးရတဲ့အကြောင်းရင်းက ကျွန်တော်တို့ရဲ့ ခေါင်းစဉ်က လမ်းပေါ်က ကလေး
တွေ ဖြစ်နေ တယ်။ လမ်းပေါ်က ကလေးတွေဟာ ညမှာ ပန်းရောင်းတယ်။ လမ်းပေါ်မှာ ပလက်
စတစ်ကောက်တယ်။ အဲဒီလမ်းပေါ်က ကလေးတွေရဲ့ (၈၀)ရာခိုင်နှုန်းလောက်က လှိုင်သာယာ
ကဖြစ်နေတယ်။ လှိုင်သာယာက လမ်းပေါ်ကကလေးတွေကို ပထမအကြိမ်အနေနဲ့ အသိပညာ
ပေးတယ်၊ လက်ဆောင်လေးတွေပေးတယ်။ ဒုတိယအကြိမ်ကတော့ လမ်းပေါ်က ကလေးတွေ
ကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ ဆေးတွေပေးတယ်" ဟု ယင်းအသင်းမှ ဥက္ကဌနှင့်
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆရာဝန်လည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
နောက်ဆုံးကျင်းပပြုလုပ်ခဲ့သည့် လူရည်ချွန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးအပြီး
တွင် ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်ရန်အတွက် တိုင်ပင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက
ဆိုသည်။
နေရာအတွက်မူ လူရည်ချွန်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ညွှန့်ယဉ်ဝင်းက ၎င်းပိုင်ဆိုင်သည့် အခန်း
နရာကို အသုံးပြုရန်အတွက် ခွင့်ပြုထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
"လက်ရှိ လူရည်ချွန်အဖွဲ့ရဲ့ ဘဏ္ဍာရေးအင်အားကတော့ သိန်း၆၀၀လောက်ရှိပါတယ်။ အခုလာ
မယ့် ဒီဇင်ဘာမှာ ပြုလုပ်မယ့် လူရည်ချွန်အဖွဲ့ကြီးရဲ့ ရွှေရတုပွဲတော်ကြီးအတွက် သုံးစွဲရမယ့်
ရန်ပုံငွေကို ဖယ်ပြီး ကျန်တဲ့ ငွေတွေနဲ့ ဒီကုသိုလ်ဖြစ်ဆေးခန်းကြီးကို ထည့်ဝင်သွားမှာဖြစ်ပါတယ်"
ဟု ယင်းအဖွဲ့၏ ဘဏ္ဍာရေးမှူးဒေါ်သူဇာရှိန်က ပြောသည်။
လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲကို ဩဂုတ်လ၊ ၁၇ရက်နေ့၌ လှိုင်သာယာရှိ နဝရတ်အိမ်ရာ
တွင် ပြုလုပ်သွားမည်ဖြစ်ကာ ယခုအချိန်တွင်မူ အခန်းဖွဲ့စည်းပုံ ပြင်ဆင်မှုများနှင့် လိုအပ်သည့်
စက်ပစ္စည်း မှာယူမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေါ်သူဇာရှိန်က ဆက်လက်ပြောကြား
သည်။
"ဆေးခန်းကို တစ်ရက်တစ်ရက် လူ ၃၀ကနေ ၅၀အထိ လာပါတယ်။ ကျွန်တော်က လက်ရှိ
ဆေးခန်းမှာ ကြာသပတေးနေ့ တစ်ရက်တည်းယူထားပါတယ်။ ခွဲစိတ်ဖို့လိုအပ်တာတွေ ရှိခဲ့ရင်
ကျွန်တော်တို့နဲ့ လူနာနဲ့ ညှိမယ်လေ။ သူတို့အစိုးရဆေးရုံကြီးကို သွားချင်တယ်ဆိုရင်တော့
လှိုင်သာယာဆေးရုံကြီးကနေတဆင့် ရန်ကုန်ဆေးရုံကြီး၊ မရမ်းကုန်းဆေးရုံကြီး စသဖြင့် လွှဲပေး
လို့ရပါတယ်။ ဒီမှာက ဆရာကြီးတွေ၊ ဆရာမကြီးတွေ လည်း ရှိပါတယ်။ အားတဲ့အချိန် လာထိုင်
ပေးကြတယ်။
ဥက္ကဌဒေါက်တာတင်မျိုးဝင်းဆိုရင်လည်း မူဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ခွဲစိတ်ဌာနမှာ တာဝန်ခံ
ဆရာဝန်ကြီးဖြစ်တယ်။ ခွဲဖို့လိုအပ်တဲ့ကိစ္စဆိုရင် မူဆလင်ကုသိုလ်ဖြစ်ဆေးရုံကိုလည်း လွှဲပေး
လို့ရတယ်" ဟု လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းမှ ဒေါက်တာခင်မောင်ထွေးက ပြောသည်။
လူရည်ချွန်များအဖွဲ့ကို ၁၉၆၄ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ အစိုးရမှလည်း ထောက်ပံ့မှုများ ပေးခဲ့ပြီး
ယင်းကာလအတွင်း လူရည်ချွန် ၅၀၀၀ကျော်အထိ မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ယင်းအသင်းက
ထုတ်ပြန်ထားသည်။
ယခု လူရည်ချွန်များအဖွဲ့၏ လုပ်ဆောင်ရန်ရည်မှန်းချက်များမှာ ၁၉၆၄ခုနှစ်မှ ၁၉၈၈ခုနှစ်အတွင်း
ရွေးချယ်ခြင်းခံရသော လူရည်ချွန်၊ သင်္ချာလူရည်ချွန်များ အားလုံးကို ပြန်လည်စုစည်းရန်နှင့် နိုင်ငံ
နှင့် လူမျိုးအတွက် အကျိုးပြုသော ပညာရှင်အင်အားစု (Think Tank) အဖြစ် ရပ်တည်၍ အကျိုးပြု
လုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ရန်တို့ဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
ယခု ဩဂုတ်လ ၁၇ရက်နေ့တွင် ဖွင့်လှစ်မည့် လူရည်ချွန်ကုသိုလ်ဖြစ်ဆေးခန်းမှာလည်း ယင်း
ရည်မှန်းချက်များ ကို အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည့်အပြင် လမ်းပေါ်ရှိ
လေလွင့်ကလေးငယ်များကို ပညာပေးရေးလုပ်ငန်းများ၊ အကူအညီပေးအပ်သည့်လုပ်ငန်းများ၊
အခမဲ့ဆေးကုသပေးခြင်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထား
သည်။

















