မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တော်ကို ပိုမိုလှပစေရန်အတွက်
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက
ဆောင်ရွက်လျက်ရှိနေပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်
ငွေကျပ် ၂၉ ဒသမ ၈၁၈ ဘီလျံကို မြို့တော်ဝန် ဦးလှမြင့် က ဖြည့်စွက်ငွေအဖြစ် လွှတ်တော်၌
တောင်းခံ လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဩဂုတ်၂၇ ရက်က ပြုလုပ်သော လွှတ်တော် အစည်းအဝေး
တွင် မြို့တော်ဝန်က တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်သည်။
မြို့တော်ဝန် တောင်းခံခဲ့သော ဖြည့်စွက် ငွေများမှာ ပန်းခြံကြီးများ၊ အားကစားကွင်းကြီးများနှင့်
မြို့တော်အဆင့်မြင့် ပန်းဥယျာဉ် လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် ၄၈၆ ဒသမ ၂၀၀ သန်း၊
မြို့တော်အဆင့်မြင့် လမ်းတံတားများ ဆောင်ရွက်ရန် ငွေကျပ် ၁၁ ဒသမ ရ၅၅ ဘီလျံ၊
ရေပေးဝေရေးစီမံကိန်းများနှင့် မြို့တော်အဆင့်မြင့် ရေသန့်လုပ်ငန်းများ ဆောင်ရွက်ရန်
၁၇ ဒသမ ၀၇၂ ဘီလျံ၊ ဈေးများ တိုးချဲ့ဆောက်လုပ်ရန် ငွေကျပ် သန်း ၃၀၀ နှင့်
မြို့ပြအိမ်ရာစီမံကိန်းများအတွက် ငွေကျပ်၂၀၅ ဒသမ ၁၀၀ သန်း တို့ဖြစ်သည်။
"ကော်မတီအနေနဲ့ မြို့တော်သန့်ရှင်း သာယာလှပရေး၊ လမ်းတံတားနဲ့ ရေပေးဝေရေးလုပ်ငန်းများ
တိုးတက်ဆောင်ရွက်နေရတာကြောင့် မူလရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ခွင့်ပြုပါ၀င်ခြင်း မရှိတဲ့
အသုံးစရိတ်များနဲ့ ဖြည့်စွက်ဆောင်ရွက်ပေးရန် လိုအပ်လာတဲ့ လုပ်ငန်းများအတွက် ရန်ပုံငွေ
လိုအပ်ချက်ကို မူလခွင့်ပြုငွေဖြင့် ရန်ပုံငွေပိုလျှံတဲ့ ငွေစာရင်းခေါင်းစဉ်အောက်မှာ ဦးစွာလွှဲပြောင်း
သုံးစွဲခဲ့ပေမယ့် လုံလောက်မှု မရှိတာကြောင့် ယခုကဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေ တင်ပြတောင်းခံရခြင်း
ဖြစ်ပါတယ်"ဟု မြို့တော်ဝန်က ပြောသည်။
ပန်းခြံကြီးများ၊ အားကစားကွင်းကြီးများနှင့် မြို့တော်အဆင့်မြင့် ပန်းဥယျာဉ်လုပ်ငန်းများ
ဆောင်ရွက်ရန်အတွက် ဖြည့်စွက်ငွေတောင်းခံခြင်းနှင့် ပတ်သက်၍ မြို့တော်ဝန် က ပန်းခြံများ၊
အားကစားကွင်းများသန့်ရှင်း လှပရေး၊ ပန်းခြံအတွင်းကျူးကျော် ဖျက်ဆီးမှု မရှိစေရေးနှင့်
လုံခြံုရေးအတွက် မြို့နယ် ခုနစ်မြို့နယ်မှာရှိတဲ့ အားကစားကွင်း ၁၇ ကွင်းကို ကာရံခြင်းလုပ်ငန်းများ
ဆောင်ရွက်ရန်၊ သိမ်ဖြူ ဖူဆယ်ဘောလုံးကွင်း ပြုလုပ်ရန်၊ သခင်မြပန်းခြံတွင် အလှမီးများ
တပ်ဆင်ခြင်းများကို ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်အတွင်း
သခင်မြပန်းခြံ၊ အင်းလျားပန်းခြံ၊ နံ့သာမြိုင်ပန်းခြံ၊ ကန်သာယာပန်းခြံနှင့် ကန်သာယာ
ကုက္ကိုင်းပန်းခြံများ အဆင့်မြှင့် တင်ခြင်းများကို အပြီးဆောင်ရွက်သွားရန် စီစဉ်ထားပြီး
ကန်သာယာ ကုက္ကိုင်းပန်းခြံမှာမူ ပြင်ဆင်မှု ပြီးစီးသွားပြီလည်းဖြစ်သည်။
ထို့ပြင် မြို့တော်ဝန်က အခွန်အကောက်ရငွေ ကျပ် ရ ဒသမ ၅၉၂ ဘီလျံ တိုးတက်ရရှိခဲ့ပြီး
ပစ္စည်းခွန်ဝင်ငွေကျပ် ၄ ဒသမ ၀၆၁ ဘီလျံ၊ မီးခွန်ဝင်ငွေကျပ် ၃ ဒသမ ၂၁၀ ဘီလျံနှင့် ၀င်ငွေခွန်
ဝေစုကျပ် ၃၁၉ ဒသမ ၉၇၉သန်းတို့ ပါ၀င်ကြောင်း ပြောသည်။
ဖြည့်စွက်ခွင့်ပြုငွေ လျာထားချက်ကို အတည်ပြုပေးရန်အတွက် ဆက်လက် ဆွေးနွေးသွားရဦးမည်
ဖြစ်သည်။
















