လမ်းဘေး စားသောက်ဆိုင်ငယ်များကို အဆင့်မြှင့်ပေးရန် စားသောက်ဆိုင်အသင်း ဆောင်ရွက်

လမ်းဘေး စားသောက်ဆိုင်ငယ်များကို အဆင့်မြှင့်ပေးရန် စားသောက်ဆိုင်အသင်း ဆောင်ရွက်

ရန်ကုန်မြို့တွင်း ခုနစ်မြို့နယ်ရှိ လမ်းဘေး စားသောက်ဆိုင်ငယ်များကို မြန်မာနိုင်ငံစားသောက်ဆိုင်
လုပ်ငန်းရှင်များအသင်းက ဦးဆောင်ကာ ယခုလမှစတင်ပြီး အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။

"နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ သန့်ရှင်းသပ်ရပ်ဖို့ စားသောက်ဆိုင်တွေမှာ တာဝန်ရှိပါတယ်။
ငွေကြေးတတ်နိုင်တဲ့၊ စားသောက်ဆိုင်ကြီးတွေမှာ စားသုံးနေတဲ့ စားသုံးသူအများစုထက်
နေ့စဉ်လှုပ်ရှားရုန်းကန် စားသောက်နေရတဲ့ အများပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို
ရောဂါ မဖြစ်စေချင်ပါဘူး။ စားသောက်ဆိုင်ငယ်လေးတွေရဲ့ အတွေးအခေါ်၊ စိတ်သဘောထား
ကိုလည်း တိုးတက်ပြောင်းလဲစေချင်တဲ့အတွက် အခုလိုဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်"ဟု
အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။

အမျိုးသားကျန်းမာရေး အဆင့်မြှင့်တင်ပေးနိုင်ရန်၊ အစားအစာနှင့် ပတ်သက်ပြီး နိုင်ငံ့သိက္ခာမကျ
စေဘဲ မြန်မာ့ခရီးသွားလုပ်ငန်း ဖွ့ံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်တို့ဖြင် ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း ၎င်းက ပြောသည်။

လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေနှင့် ဗဟန်းမြို့နယ်များမှ
လမ်းဘေးစားသောက်ဆိုင်ငယ် ၄၆ ဆိုင်ကို ပဏာမအဆင့် ရွေးချယ်ထားသည့်အနက်
ပထမအဆင့်အတွက် တစ်မြို့နယ် နှစ်ဆိုင်နှုန်းဖြင့် ယခုလကုန်တွင် ၁၄ ဆိုင်ရွေးချယ်မည်ဖြစ်သည်။

ထိုသို့ရွေးချယ်ရာတွင် အဓိကအားဖြင့် စားသုံးသူများသောဆိုင်ဖြစ်ခြင်း၊ တစ်ကိုယ် ရေသန့်ရှင်းပြီး
ကျန်းမာရေး ဆေးစစ်မှုခံနိုင်ခြင်း၊ အသင်းမှ သတ်မှတ်ထားသည့် ရည်မှန်းချက်များကို လိုက်နာ
အကောင်အထည်ဖော်နိုင်ခြင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ သတ်မှတ်ထားသည့်
နေရာတွင် ရောင်းချသူဖြစ်ခြင်းတို့ဖြစ်ပြီး မြန်မာ့ရိုးရာ အစားအစာရောင်းချသူကို ဦးစားပေး
စဉ်းစားကြောင်း ဦးကျော်မြတ်မိုးက ပြောသည်။

"ကျွန်တော်တို့အသင်းက လက်တွဲပြီးရင် လမ်းမခွဲချင်တဲ့အတွက် သတ်မှတ်ချက်နဲ့ ကိုက်ညီမှု
မရှိတဲ့ ဆိုင်တွေကို မရွေးချယ်ပါဘူး။ ရွေးချယ်ပြီးတဲ့ဆိုင်တွေကို လေ့လာပြီး လိုအပ်တဲ့
ဆိုင်ပရိဘောဂ အသုံးအဆောင် တန်ဖိုးကို တွက်ချက်ပြီး အလှူရှင်နဲ့ ချိတ်ဆက်ပေးမှာပါ။
အလှူရှင် မရှိခဲ့ရင်လည်း အသင်းက ပံ့ပိုးကူညီပေးမှာပါ။ လှူပြီးသွားရင်လည်း လိုက်နာမှုရှိမရှိ
စစ်ဆေးကြီးကြပ်မယ့်အဖွဲ့ကို သက်ဆိုင်ရာမြို့နယ်အလိုက် ထားပေးမှာပါ"ဟု ၎င်းက ပြောသည်။

အသင်းအနေဖြင့် ယခုအဆင့်အောင်မြင်ပြီးပါက ကျန်မြို့နယ်များ၊ အခြားပြည်နယ်နှင့်
တိုင်းဒေသကြီးများတွင်လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်
ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

"ရန်ကုန်အပြင် နိုင်ငံခြားသား ၀င်ရောက်မှုများတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများ၊ မန္တလေး၊ ပုဂံ၊
ငွေဆောင်၊ ချောင်းသာစတဲ့ နေရာတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါ
တယ်"ဟု ဦးကျော်မြတ်မိုးက ပြောသည်။

တာမွေမြို့နယ်တွင် ၀က်သားတုတ်ထိုး ရောင်းသည့် ကိုဗညားဦးသည် ယခုကဲ့သို့ လမ်းဘေး
စားသောက်ဆိုင်ငယ်များကို အဆင့်မြှင့်တင်ပေးခြင်းသည် အစီအစဉ်ကောင်း ဖြစ်သည်ဟု
မြန်မာတိုင်း(မ်)ကို ပြောသည်။

"ထောက်ပံ့ပေးမယ့် ဆိုင်တွေကို မသိရသေးပေမယ့် အရမ်းကောင်းတဲ့ အစီအစဉ်ပါပဲ။ ထားတဲ့
စေတနာကလည်း ကောင်းပါတယ်။ သူတို့က ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။
စားသောက်ဆိုင်ကြီးတွေကိုလည်း လေ့လာခွင့်ရပြီး ဆိုင်မှာ လိုအပ်တာတွေကိုလည်း
ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။ ရွေးချယ်ထားတဲ့ စားသောက်ဆိုင်ငယ်တွေကို
အကူအညီပေးတာ အထောက်အပံ့ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အလုပ်ပါ" ဟု ၎င်းက
ပြောသည်။

စားသောက်ဆိုင်ငယ်များ၏ သန့်ရှင်းသပ်ရပ်မှုကို အဓိကထား လုပ်ဆောင်ခိုင်းခြင်းဖြစ်ပြီး
သတ်မှတ်ချက်နှင့် မကိုက်ညီခြင်းမျိုး မရှိသည့်အတွက် အခက်အခဲမရှိကြောင်း
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မုန့်ဟင်းခါး နှင့် မွန်အစားအစာ ရောင်းသည့် ဦးထွန်းရွှေ က
မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး