တရားရုံးများက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ချခံရသည့် ကိုထင်ကျော် အယူခံမဝင်

တရားရုံးများက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ချခံရသည့် ကိုထင်ကျော် အယူခံမဝင်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ပြည်ထောင်စုအစိုးရကို အယုံအကြည်
မရှိကြောင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ဖြင့် တရားရုံးအသီးသီးက အလုပ်နှင့် ထောင်ဒဏ်
၁၀ နှစ်ကျော် ချမှတ်ခံထားရသည့် ကိုထင်ကျော်က ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေရန်
အယူခံဝင်ရောက်သွားမည် မဟုတ်ကြောင်း ရွှေပြည်သာမြို့နယ် တရားရုံးက ၎င်းအား အမိန့်ချမှတ်
အပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။

တရားရုံးအသီးသီးက အလုပ်နှင့် ထောင်ဒဏ် စုစုပေါင်း ရှစ်နှစ်ခြောက်လ ချမှတ်ခံထားရသည့်
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ (MDCF) ခေါင်းဆောင် ကိုထင်ကျော်ကို
ရွှေပြည်သာမြို့နယ် တရားရုံးက ယခုလ ၁၁ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု
ပုဒ်မ ၅၀၅ (ခ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် ထပ်မံအမိန့် ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ရ ရက်နေ့ နံနက်ပိုင်းက လူအင်အား ၃၀ ကျော်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်
တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရ အဖြစ်ပြည်သူများက
တင်မြှောက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးထိန်းသိမ်းကာ ရန်ကုန်မြို့
မြို့နယ် ၁၁ ခုရှိ တရားရုံးများက အမှုဖွင့်ပြီး ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

ထို့ကြောင့် ကိုထင်ကျော်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အရ
တောင်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)
တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တရားရုံးက
အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်
တစ်နှစ်၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်၊
လှိုင်သာယာမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်၊ မရမ်းကုန်းမြို့နယ်တရားရုံးက
အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်နှစ်နှင့်
ရွှေပြည်သာမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရသဖြင့် စုစုပေါင်း
အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ခြောက်လ ချခံနေရသည်။

ထို့ပြင် ၎င်းကို ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ
ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးလနှင့် ဗဟန်းမြို့နယ် တရားရုံးက
အလုပ်နှင့် ထောင်ဒဏ် သုံးလ၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်
လေးလ ချမှတ်ခဲ့ပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး