ဂျပန်က လှူဒါန်းသည့် ဓာတ်ကြိုးများဖြင့် သာကေတ၌ လဲလှယ်ပေး

ဂျပန်က လှူဒါန်းသည့် ဓာတ်ကြိုးများဖြင့် သာကေတ၌ လဲလှယ်ပေး

လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော ဂျပန်ကုမ္ပဏီများဖြစ်သည့် Fujikura၊ NGK နှင့်
Kindem တို့က သာကေတမြို့နယ်အတွက် လှူဒါန်းသည့် လျှပ်စစ်ဓာတ်အားကြိုးနှင့် ဓာတ်တိုင်သုံး
ပစ္စည်းများကို ထို ကုမ္ပဏီများက ပညာရှင်များနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ၀န်ထမ်းများက
တပ်ဆင်သရုပ်ပြခြင်းနှင့် လက်တွေ့လဲလှယ် တပ်ဆင်ခြင်းကို ယခုလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊
သာကေတမြို့နယ် ငါးကွေ့ မှတ်တိုင်အနီးတွင် ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ အရင်လိုင်းတွေက Standard မမီဘူးပေါ့ဗျာ။ အခု Standard မီအောင်
လုပ်လိုက်တဲ့ သဘောပေါ့ဗျာ။ ဒါက High Voltage ။ ဒီကြိုး အမျိုးအစားက ACSR ပဲ။
အလူမီနီယံပေါ့။ ဒါပေမဲ့ သူက Coated (ဖုံးအုပ်လွှာ)ပါတယ်။ Cover ပါတယ်။
အရင်အသုံးပြုနေတဲ့ ကြိုးတွေကျတော့ Coated မပါဘူး။ ဟိုရှေးတုန်းက တည်ဆောက်ထားတဲ့
ဓာတ်တိုင်တွေက တကယ် Insulation (လျှပ်ကူးကာကွယ်မှု) မကောင်းဘူးပေါ့။ အခု
ကွန်ကရိဓာတ်တိုင် အသစ်တွေက ၁၂ မီတာမြင့်တယ်။ ပိုပြီး အန္တရာယ်ကင်းလာပါမယ်" ဟု
သာကေတမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဌာန အင်ဂျင်နီယာမှူး ဦးမင်းအောင်မျိုးသိန်းက
ပြောသည်။

ယခု လဲလှယ်တပ်ဆင်ခြင်းအတွက် ကြွေသီး၊ Cover Conductor၊ ဓာတ်အားလိုင်း ကြိုးနှင့်
ဆက်စပ်ပစ္စည်းများကို Fujikura နှင့် NGK ကုမ္ပဏီတို့က လှူဒါန်းခြင်းဖြစ်ပြီး ဓာတ်အားကြိုးများကို
ဓာတ်တိုင်များတွင် တပ်ဆင်ခြင်းနည်းပညာကို Kindem က ထောက်ပံ့ပေးခြင်းဖြစ်သည်။

"အခုတပ်ဆင်တာက နဝရတ်ခွဲရုံ ကနေပြီးတော့ ရှုခင်းသာဘေးက ကစားကွင်းထိပ်အထိ
အကွာအဝေးဖြစ်တယ်။ အဟောင်းတွေကို လဲလှယ်ပြီးတော့ အသစ်နဲ့ အစားထိုး တပ်ဆင်တာပါ။
ဒီနေ့က ဓာတ်အားကြိုး အရှည်ပေ ၁,၇၀၀ ကို တပ်ဆင်တာဖြစ်တယ်။ ဂျပန်က ပစ္စည်းတွေက
အဆင့်အတန်း မြင့်တယ်။ Insulation system တွေလည်း ကောင်းတယ်။ ရုတ်တရက်
မတော်တဆ ထိမိရင်လည်း ဓာတ်မလိုက်နိုင်ဘူး"ဟု အရှေ့ ပိုင်းခရိုင်၊ ခရိုင်အင်ဂျင်နီယာမှူး
ဦးမျိုးခင် က မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင် ဓာတ်အားကြိုးများမှာ သစ်ပင်၊ သစ်ကိုင်းများ၊ အခြားအမြင့်ရှိ အရာဝတ္ထုပစ္စည်းများနှင့်
ထိစပ်နေခြင်းကြောင့် လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှု ကြံုတွေ့နေရသည်။ ထို့ပြင်
လျှပ်စစ်ဓာတ်အားကြိုး အနိမ့်သို့ တွဲကျနေသည့် နေရာအချို့တွင် လျှပ်စစ်အန္တရာယ်များ ဖြစ်ပေါ်ပြီး
ဓာတ်အားကြိုး ကိုင်မိ၍ ဓာတ်လိုက်သေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေသည်။

"အဟောင်းလဲလှယ်တာကတော့ အခု ရန်ကုန်မြို့တွင်းမှာပေါ့ မြို့နယ်တစ်ခုပြီး တစ်ခုပေါ့။ ကျွန်မတို့
ဘတ်ဂျက်ရရှိတဲ့ အပေါ် မူတည်ပြီးတော့ တဖြည်းဖြည်းချင်း လဲလှယ်သွားမှာဖြစ်ပါတယ်။
အဟောင်းပြုပြင်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို တစ်ချိန်တည်းမှာပဲ
ချပေးတဲ့ ဘတ်ဂျက်အလိုက် ဒီဂျပန် ပစ္စည်းတွေနဲ့ လဲလှယ်တဲ့ လုပ်ငန်းတွေကိုလည်း
ဒီဘတ်ဂျက်နှစ်ကစပြီး လုပ်ဆောင်နေပါပြီ"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အမှုဆောင်အင်ဂျင်နီယာ ဒေါ်သပြေက ပြောသည်။

အခြားမြို့နယ်များတွင်လည်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ရရှိသည့် ဘတ်ဂျက်အလိုက်
ဖုံးအုပ်လွှာပါသော ဓာတ်အားကြိုးများကို စတင်လဲလှယ် တပ်ဆင်နေပြီဖြစ်သည့်အပြင်
ဓာတ်အားကြိုးနှင့် ဓာတ်တိုင်သုံးလျှပ်စစ်ကိရိယာများကို အသုံးပြုခြင်း၊ ပြုပြင်ခြင်းနှင့်
ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများကိုလည်း Kindem ကုမ္ပဏီက
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ၀န်ထမ်းများကို သင်ကြားပေးလျက်ရှိသည်ဟု ဒေါ်သပြေက
ပြောသည်။

လဲလှယ်တပ်ခြင်းသည် ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ရာ သာကေတမြို့နယ်
တစ်ဝိုက်တွင် အလှည့်ကျ လျှပ်စစ်ဓာတ်အားဖြန့်ဝေနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး