ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော တက္ကစီယာဉ်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီတွင် စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်နေရခြင်းကို ပယ်ဖျက်သွားမည်ဟု မြို့တော်ဝန်က
ပြောကြားခဲ့သော်လည်း ပယ်ဖျက်ခြင်း မဟုတ်ဘဲ အခြား အဖွဲ့အစည်းတစ်ခုသို့သာ လွှဲပြောင်း
ပေးသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ယခုလ
၁၂ ရက်နေ့က ပြောသည်။
"စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်တာ ကိုရပ်ဆိုင်းလိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့
စည်ပင်က မဟုတ်ဘဲ တခြား အဖွဲ့အစည်းတစ်ခုကို လွှဲသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပုဂ္ဂလိက
ယာဉ်ကြီးကြပ်ရေးဥပဒေကို ရေးဆွဲနေပြီး အဲဒီဥပဒေအရ ဖွဲ့ထားတဲ့အဖွဲ့ကို လွှဲပြောင်းပေးသွားမှာ
ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
သို့သော် ယခုလ ရ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရန်ကုန်မြို့တွင်း
ပြေးဆွဲနေသော တက္ကစီများ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် စီးတီးတက္ကစီ
အဖြစ် မှတ်ပုံတင်နေရခြင်းကို ပယ်ဖျက်လိုက်ကြောင်း မြို့တော်ဝန် ဦးလှမြင့် ကပြောကြားခဲ့သည်။
"စီးတီးတက္ကစီ မှတ်ပုံတင်တာကို ကျွန်တော်တို့ စည်ပင်က မလုပ်တော့မှာတော့ သေချာတယ်။
ဒါပေမဲ့ မလုပ်ရတော့တာ မဟုတ်ဘူး။ ဥပဒေက ထွက်မလာသေးတော့ မထသပဲ ဖြစ်မလား၊
တခြား အဖွဲ့အစည်းပဲ ဖြစ်မလားဆိုတာကိုတော့ အတိအကျပြောလို့ မရသေးဘူး။ လွှဲပြောင်းပေး
ပြီးသွားရင်တော့ တရားဝင်ကြေညာပေးမှာ ဖြစ်ပါတယ်။ လက်ရှိ တက္ကစီတွေ သက်တမ်း
တိုးတာကိုတော့ စည်ပင်ကပဲ လုပ်ပေးနေပါတယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း စီးတီးတ္ကစီ မှတ်ပုံတင်ခြင်းကို လွှဲပြောင်းယူရန်
မထသ(ဗဟို)သို့ ညွှန်ကြားထားမှု ရှိခဲ့ပြီး ဥပဒေနှင့်အညီ လွှဲပြောင်းရန်ဆိုသည့်အချက်ကြောင့်
ဆွေးနွေးနေဆဲဟု မထသ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
တက္ကစီယာဉ်အဖြစ် ပြုလုပ်မည်ဆိုပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင်
တရားဝင်မှတ်ပုံတင်၍ လိုင်စင်ကြေးပေးဆောင်ရပြီး လုပ်ငန်းရုံးတွင်လည်း အခွန်ဆောင်ရကာ
စည်ပင်သာယာရေးကော်မတီတွင်လည်း စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ကြေး ပေးဆောင်ရသည်။
"ကျွန်တော်တို့ကတော့ စီးတီးတက္ကစီ အဖြစ်လုပ်ရတာက မလိုအပ်တော့ဘူးလို့ ထင်တယ်။
ကျွန်တော်တို့ လိပ်စာတွေ ကညနမှာ ရှိပြီးသားပဲ။ အရင်ကတော့ အင်္ဂလိပ်အက္ခရာနဲ့ အေအေတို့
ဘီဘီတို့ မသတ်မှတ်ရသေးခင်မှာ နိုင်ငံခြားသားဧည့်သည်တွေ အလွယ်တကူ မှတ်သားနိုင်အောင်
လို့လုပ်တယ်လို့ ပြောတယ်။ အခု တက္ကစီတွေက အဆင့်သုံးဆင့်တောင် မှတ်ပုံတင်နေရပြီး
ပိုက်ဆံလည်း သုံးခါကုန်နေတယ်"ဟု တက္ကစီယာဉ်မောင်း ဦးမောင်မောင်က ပြောသည်။
အချို့ကလည်း စီးတီးတက္ကစီအဖြစ် မှတ်ပုံတင်ရခြင်း မရှိတော့ပါက နယ်လိုင်စင်ဖြင့် ရန်ကုန်တွင်
လာရောက်လုပ်ငန်း လုပ်ကိုင်နေသော ကားများနှင့် အခြား အေအေ၊ ဘီဘီ လိုင်စင်ဖြင့်
ကားများမှာလည်း တက္ကစီအဖြစ် လုပ်ကိုင်နေပါကခွဲခြားရန် ခက်ခဲသွားနိုင်သည်ဟု ဆိုကြသည်။
"စီးတီးတက္ကစီအဖြစ် လုပ်ထားတာလည်း တစ်မျိုးတော့ကောင်းတယ်။ ဟာရီယာလို ကားအမြင့်
တွေကိုတောင် အေအေနံပါတ်တွေနဲ့ သွင်းထားတာတွေ အများကြီး တွေ့ရတယ်။ သူတို့ကျတော့
တက္ကစီ ဆွဲချင် ရင်ဆွဲလိုက်၊ မဆွဲချင်ရင်လည်း တခြားလုပ်ငန်းလုပ်လိုက်ဆိုတော့ တကယ်တက္ကစီ
ဆွဲနေတဲ့သူတွေ နစ်နာတယ်။ စီးတီးတက္ကစီ တံဆိပ်မပါရင် ဖမ်းမယ်ဆိုရင်တော့ အားလုံးအတွက်
မျှတတယ်။ ကား သက်တမ်းတိုးရင် ကညန မှာက ကျပ် ၃၀,၀၀၀၊ လုပ်ငန်းရုံးမှာ ၂၀,၀၀၀ နဲ့
စီးတီးတက္ကစီအတွက် ၁၅,၀၀၀ ၀န်းကျင်လောက် ဆောင်ရတယ်။ တစ်နှစ်လုံးမှာ
ဒီပမာဏလောက် ဆောင်ရတာ ဘာမှပြဿနာမှမရှိလောက်ဘူးလို့ ထင်တယ်"ဟု
တက္ကစီယာဉ်မောင်း ကိုမြင့်ဦးနိုင်က ပြောသည်။
















