ရန်ကုန်မြို့ပတ်ရထား စီးနင်းခများ ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေ

ရန်ကုန်မြို့ပတ်ရထား စီးနင်းခများ ပြင်ဆင်ပြောင်းလဲရန် စီစဉ်နေ

ရန်ကုန်မြို့ပတ် ရထားများ၏ ရထားစီးနင်းခများကို ပြောင်းလဲသတ်မှတ်ရန် စီစဉ်နေကြောင်း
မြန်မာ့မီးရထား၊ အောက်မြန်မာပြည်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က ယခုလ
၁၂ ရက်နေ့က ပြောသည်။

ရန်ကုန်မြို့ပတ်ရထားများတွင် ကျပ် ၃၀၀၊ ၂၀၀၊ ၁၀၀ စသည်ဖြင့် သုံးမျိုးသတ် မှတ်ထားရာ
ကျပ် ၁၀၀ တန်တန်း၌ တစ်နေ့လျှင် ခရီးသည် ၂၅,၀၀၀ ခန့် စီးနင်းနေသော်လည်း
မြန်မာ့မီးရထားမှ ဆီဖိုးစိုက်ထုတ် သုံးစွဲနေရသဖြင့် တစ်ရက်လျှင် ကျပ် ၁၀ သိန်းခန့် အရှုံးခံကာ
ပြေးဆွဲနေရသောကြောင့် ယခုလိုပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

"ရန်ကုန်တစ်မြို့လုံး အသွားအပြန်ကို ကျပ် ၁၀၀ ကောက်မယ့်အစား အသွား ၁၀၀၊ အပြန် ၁၀၀
ကောက်မယ်ဆိုရင် ကျွန်တော်တို့ ဆီဖိုးလေးလည်း ကာမိမယ်။ ပြီးတော့ ပြေးဆွဲနေတဲ့ ရထားတွေ
ကိုလည်း ဒီထက်ပိုပြီးတော့ ကောင်းအောင် တိုးချဲ့နိုင်မယ်။ ကျပ် ၃၀၀ တန်နှင့် ၂၀၀ တန်ကိုတော့
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု ဦးဇော်ဖေစိန်က ပြောသည်။

ရထားလက်မှတ်ကို အသွားအပြန် သတ်မှတ်ထားသည့်အတွက် အချို့မှာ လက်ဆင့်ကမ်းပေးကာ
စီးနင်းမှုများ ရှိသည့်အပြင် လက်မှတ်စစ်ဆေးရန် ခက်ခဲခြင်းများကြောင့် ပြောင်းလဲရန် စီစဉ်ခြင်း
ဖြစ်ကာ လက်ရှိတွင် ခရီးသွားပြည်သူများ၏ သဘောထားများကို ကောက်ယူနေသည်ဟု
ဆိုသည်။

"ကျွန်တော်တို့အနေနဲ့ အခုစနစ်မှာ လက်မှတ်သိမ်းလို့ မရဘူး။ စနစ်ပြောင်းလိုက်မယ်ဆိုရင်
လက်မှတ်လည်း သိမ်းလို့ ရမယ်။ လက်မှတ်စစ်တဲ့သူလည်း အဆင်ပြေမယ်။ ၀င်ငွေလည်း
တစ်ရက်ကို ကျပ် ၂၅ သိန်းလောက် ပိုလာမယ်ဆိုရင် ကာမိမယ်။ အမှန်ကတော့ ချက်ခြင်းကို
ပြောင်းချင်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ရသေးတယ်။
ပြည်သူက လက်မခံဘူးဆိုရင်တော့ ၀န်ကြီးကလည်း ပြန်စဉ်းစားမှာပါ"ဟု ဦးဇော်ဖေစိန်က
ပြောသည်။

ခရီးသည်တင် ဘတ်စ်ကားတချို့တွင် မည်သည့် မှတ်တိုင်သို့ စီးစီး ကျပ် ၂၀၀ သတ်မှတ်ထား
သောကြောင့် ရထားလက်မှတ်ခ ကိုလည်း ယခုလိုပြောင်းလဲခြင်းမှာ သင့်တော်ကြောင်း
ခရီးသည်များက ပြောသည်။

"ကျွန်တော်ကတော့ ရထားကိုလပေး လက်မှတ်လုပ်ပြီး စီးတာ။ တချို့ဘူတာတွေမှာ ဆင်းတဲ့အခါ
လက်မှတ်လာတောင်းတဲ့သူတွေ ရှိတယ်။ "ကျွန်တော်က လပေးဆိုတော့ ပေးလို့ မရဘူး။ အခု
အသွား ၁၀၀၊ အပြန် ၁၀၀ သတ်မှတ်မယ်ဆိုလည်း ပေးရမှာပဲ။ ဘာမှတော့ပြောစရာ မရှိပါဘူး"ဟု
လှည်းတန်းမှ ဘူတာကြီးသို့ နေ့စဉ်ရထားစီးလေ့ရှိသူ တစ်ဦးက ပြောသည်။

တစ်ရက်လျှင် မြို့ပတ်ရထားခေါက်ရေ ၂၁၅ ခေါက် ပြေးဆွဲပေးနေပြီး ယခုနောက်ပိုင်းတွင်
ကားလမ်းပိတ်ဆို့ခြင်းများကြောင့် ရထားစီးခရီးသည် အနည်းငယ်ပိုလာကာ ရထားချိန်
မှန်မှန်ပြေးဆွဲပေးနိုင်ပါက မြို့ပတ်ရထားများကို ပိုမိုအသုံးများလာနိုင်ကြောင်း ခရီးသည်များက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး