ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင်
ကျူးကျော်ဝင်ရောက်လာသော အိမ်မဲ့ရာမဲ့ အိမ်ခြေအရေအတွက်မှာ ၃၈,၀၀၀ ခန့်ရှိကြောင်း
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စက်တင်ဘာလ ၂၄ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်အထူးအစည်းအဝေး၌ ပြောကြားလိုက်သည်။
သို့သော် မြို့တော်ဝန်က ကျူးကျော်နေထိုင်သူများကို မြေအငှားချထားပေးနိုင်ရေးအတွက်
လုံလောက်သည့် မြေလွတ်ဧရိယာ မရှိသည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြေ၊ အိမ်ရာ
မရရှိသူများအတွက် သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းရှိသော အိမ်ရာ စီမံကိန်းများကို
အကောင်အထည်ဖော်ဆောင်ရွက်ကာ အိမ်ခန်းများ ရောင်းချခြင်း၊ အိမ်ခန်းကို
လစဉ်ငှားရမ်းခအဖြစ် အရစ်ကျပေးချေခြင်း၊ ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျ နှစ်ရှည်၊ နှစ်တို
ချေးငွေဖြင့် ရောင်းချခြင်းကသာ မြန်ဆန်အကျိုးပိုရှိစေမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကမူ တိုင်းဒေသကြီး အစိုးရ
အနေဖြင့် မြေများကို အငှားချရန် မတတ်နိုင်ပါကလည်း တန်ဖိုးနည်းအိမ်ရာများကို ရောင်းချရန်
မလုပ်သင့်ဘဲ ငါးနှစ်(သို့) ၁၀ နှစ်ဖြင့် အငှားချထားပေးသင့်သည်ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊
ဗိုလ်ဗထူးလမ်းရှိ ဗိုလ်ဗထူးတန်ဖိုး မျှတအိမ်ရာစီမံကိန်းရှိ အိမ်ခန်းပေါင်း ၄၄၈ ခန်းနှင့်
ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်ရှိ ဗိုလ်မင်းရောင်တန်ဖိုးမျှတစီမံကိန်းရှိ
အိမ်ခန်းပေါင်း ၈၀၀ ခန်းကိုလည်း အများပြည်သူ၏ ရှေ့မှောက်၌ မဲဖောက် ရောင်းချပေးခဲ့ပြီး
ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်းနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတစီမံကိန်း
တို့သည် တန်ဖိုး ကျပ် သိန်း ၃၀၀ ထက် မနည်းဖြစ်နေသည့်အတွက် သာမန်လူတန်းစားများ
၀ယ်ယူနိုင်ခြင်း မရှိခဲ့ပေ။
မြို့တော်စည်ပင်သည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌လည်း အိမ်ခန်းပေါင်း ၁,၉၇၆ ခန်းပါ၀င်သည့်
ဧရာဝဏ်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကို စီစဉ်လျက်ရှိပြီး ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် ဒဂုံမြို့သစ်
အရှေ့ပိုင်း မြို့နယ်၌ အိမ်ခန်းပေါင်း ၁,၁၆၈ ခန်းပါ၀င် သော တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို
ဆောင်ရွက်ရန် လျာထားသည်။
မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနသည်လည်း လှိုင်သာယာမြို့နယ်၌ တန်ဖိုးလတ်အိမ်ရာ ၆၈၈ ခန်း၊
တန်ဖိုးနည်းအိမ်ရာ ၁,၇၆၈ ခန်း၊ ရွှေပြည်သာမြို့နယ်၌ တန်ဖိုးလတ်အိမ်ရာ ခန်း ၂၆၀၊
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ ၁,၂၂၄ ခန်း၊ ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်
တွင် တန်ဖိုးလတ်အိမ်ရာ ၄၈ခန်း၊ မြောက်ဥက္ကလာပမြို့နယ်၌ တန်ဖိုးလတ်အိမ်ရာ ၃၁၂ ခန်းနှင့်
တန်ဖိုးနည်း အိမ်ရာ ၄၄၈ ခန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တွင် တန်ဖိုးလတ်အိမ်ရာ ၂၂၀ ခန်းနှင့်
တန်ဖိုး နည်း အိမ်ရာ ၁၉,၀၉၂ ခန်းစသည်ဖြင့် တန်ဖိုးလတ်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ
စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။
















