ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် လျှပ်စစ်မီးကြိုး ပြတ်ကျ၍ ဓာတ်လိုက်သေဆုံးမှု
ရှစ်မှု ရှိခဲ့ပြီး သေဆုံးသူ ၁၂ ဦး ရှိခဲ့ကာ ရိုးရိုးဓာတ်လိုက် သေဆုံးမှု ၁၂၀ ခန့်ရှိခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ စာရင်းများအရ ဓာတ်လိုက် သေဆုံးမှုနှင့် ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံးမှု
ဖြစ်စဉ်နှစ်မျိုးကို တွေ့ရသည်။
ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်သေဆုံး စာရင်းများအရ မိုးရာသီ ဖြစ်သည့် ဇွန်လတွင် လေးမှု
ဖြစ်ပွားခဲ့ပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့သည်။
ဇူလိုင်လတွင် ဓာတ်ကြိုး ပြတ်ကျသေဆုံးမှု သုံးမှု ရှိခဲ့ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့
သေဆုံးခဲ့ကြသည်။
ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ဓာတ်ကြိုး ပြတ်ကျမှုဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်
၁၆/၁ ရပ်ကွက်၊ အောင်ရတနာ ကားမှတ်တိုင်အနီး ဓာတ်မီးတိုင်က ၀ါယာရှော့ခ်ဖြစ်ပွား၍
အသက် ၄၀ အရွယ် အမျိုးသမီးနှင့် အသက် ၁၀ နှစ်အရွယ် ကျောင်းသူ တစ်ဦးတို့ ဓာတ်လိုက်ခဲ့ပြီး
အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။
ဓာတ်လိုက်သေဆုံးမှု စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် ၁၀၅ မှု၊ ၂၀၁၃ ခုနှစ်တွင် ၁၀၉ မှုနှင့်
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမှုပေါင်း ၁၂၀ ခန့် မြင့်တက်လာခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
















