ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို
ယခုနှစ်ကုန်မတိုင်မီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မတီ တာဝန်ရှိသူ တစ်ဦးက ယခုလ
ရ ရက်နေ့တွင် အတည်ပြုပြောကြားသည်။
"မြို့တော်စည်ပင်ရွေးကောက်ပွဲကို ဒီဇင်ဘာလနှောင်းပိုင်းမှာ လုပ်သွားဖို့ လျာထားပါတယ်" ဟု
မြို့တော်စည်ပင် လက်ထောက် ညွှန်မှူးအဆင့်ရှိ အရာရှိတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။
မြို့တော်စည်ပင်၏ ကော်မတီရွေး ကောက်ပွဲ နည်းဥပဒေထုတ်ပြန်မှုနှင့် ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေး၌ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ ညိုညိုသင်းက ဝေဖန်မှုပြုလုပ်ခဲ့ပြီးနောက် နည်းဥပဒေနှင့်အညီ ကော်မတီကို အသစ်
ပြန်လည်ဖွဲ့စည်း သင့်သည်ဟူသော အကြံပြုချက်ကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ
ရှုံးနိမ့်ခဲ့သော်လည်း ကော်မတီပြန်လည် ဖွဲ့စည်းရေးကို လိုလားသည့် မှတ်ချက် အများအပြား
ပေါ်ထွက်ခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ကော်မတီသည် ၂၀၁၃ ဥပဒေအရ ဖွဲ့စည်းထားခြင်း
မဟုတ်သည့်တိုင် ဥပဒေနှင့်လျော်ညီစွာ ဆောင်ရွက်နေသည့်အတွက် ပြန်လည် ဖွဲ့စည်းရန်
မလိုအပ်ဟု ပြောခဲ့သည်။
သို့သော် အောက်တိုဘာလ ၃ ရက်နေ့ ကော်မတီပိုင်သတင်းစာတွင် "ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲ ကော်မတီဝင်၊
ခရိုင်ကော်မတီဝင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ကိုယ်စားလှယ်လောင်း
အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြော်ငြာစာ"ကို ထည့်သွင်းခဲ့သည်။
ကော်မတီပိုင်သတင်းစာတွင် သတ်မှတ်ချက်များနှင့် ညီသည့် ပါ၀င်ယှဉ်ပြိုင်လိုသော
နိုင်ငံသားများသည် ကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းလွှာကို
ရန်ကုန်မြို့တော်ကော်မရှင်သို့ အောက်တိုဘာလ ၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ညနေ ၄ နာရီ
နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း ဖော်ပြထားသည့်အပြင် အောက်တိုဘာလ ၁ ရက်နေ့က
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း ဖော်ပြထားပြီး
အိမ်ထောင်စုတစ်စုလျှင် တစ်ဦးနှုန်းဖြင့် ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ မဲဆန္ဒရှင်
ရှစ်သိန်းကျော် ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က အတည်ပြုခဲ့သော ကော်မတီရွေးကောက်ပွဲ နည်းဥပဒေအရ
ရွေးကောက်ရာတွင် အဓိက ကော်မတီဝင် ကိုးဦးအနက် လေးဦးကို ရန်ကုန်တိုင်းဒေသကြီး၊
ခရိုင်လေးခရိုင်က ရွေးကောက်မည်ဖြစ်ပြီး ပြည်သူများက ကိုယ်တိုင် မဲပေးခွင့်ရှိမည်ဖြစ်သည်။
"ဒါကို ကျွန်မက အခွင့်အရေးတစ်ရပ်လို့ မြင်ပါတယ်။ မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ
ပြည်သူတွေ ပါ၀င်ခွင့်ရှိဖို့က အရေးကြီးတဲ့အတွက် လေးဦးကို ပြည်သူထဲက ရွေးကောက်မယ်
ဆိုတာကို သဘောကျတယ်" ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
မြို့တော်ဝန်နှင့် မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တစ်မြို့ရှိ နေထိုင်သူများ၏ ဘဝနှင့်
လူနေမှုအဆင့်အတန်းများအတွက် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်သူ၊ ကာကွယ်နိုင်သူများ
ဖြစ်သည့်အတွက် ပြည်သူက ရွေးကောက်တင်မြှောက်ခွင့်ဆိုသည်မှာ လိုအပ်ကြောင်း ပြောသည်။
မြို့တော်စည်ပင် ရွေးကောက်ပွဲပြုလုပ်လျှင် ဆန္ဒမဲပေးခွင့်ရှိသူကို ကန့်သတ်ထားခြင်းကြောင့်
ဝေဖန်မှုအများအပြား ထွက်ပေါ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါ ရွေးကောက်ပွဲဥပဒေ၏ အခန်း (၁) တွင် "ဆန္ဒမဲ ပေးရမည့်
သတ်မှတ်ရာခိုင်နှုန်းဆိုသည်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကို ကိုယ်စားပြု
သတ်မှတ်ထားသော မြို့နယ်အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သည့်
အသက် ၁၈ နှစ်ပြည့်ပြီးသော နိုင်ငံသားဦးရေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆန္ဒမဲပေးနိုင်ရန်
သတ်မှတ်ထားသော လူဦးရေကို ဆိုလိုပြီး သက်ဆိုင်ရာ မြို့နယ်စိစစ်ရွေးချယ်ရေးအဖွဲ့က
ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ရာခိုင်နှုန်းဖြင့် စိစစ်ရွေးချယ်ထားသော ဆန္ဒမဲပေးမည့်သူများ၏
စာရင်းကို ခရိုင်စိစစ်ရွေးချယ်ရေးအဖွဲ့က အတည်ပြုသော ဆန္ဒမဲစာရင်းတွင် ပါရှိသူကိုသာ
ဆိုလိုသည်"ဟု ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။
















