ရန်ကုန်မြစ်အတွင်း အမှိုက်ဆယ်ယူမှု လုပ်ငန်းကို အမှိုက်သိမ်းရေယာဉ် နှစ်စင်းဖြင့်
၀ါးတန်းဆိပ်ကမ်းမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
"ဒီရေယာဉ်နှစ်စင်းနဲ့ မြစ်ထဲမှာရှိနေတဲ့ အမှိုက်တွေကို ဆယ်ယူနေတယ်။ ကမ်းမှာ ကပ်နေတာတွေ
ကိုလည်း ဆယ်နိုင်အောင် ကမ်းကပ်လုပ်နေတယ်။ တဖြည်းဖြည်းနဲ့ အကုန်ရှင်းသွားအောင်ပါ"ဟု
ပို့ဆောင်ရေး ၀န်ကြီးဌာန ရေကြောင်းပို့ဆောင်ရေး သတင်းထုတ်ပြန်ရေးအဖွဲ့က တာဝန်ခံ
ဗိုလ်ကြီးထိန်လင်းက ပြောသည်။
ရေယာဉ်များဖြင့် မြစ်သန့်ရှင်းအမှိုက်ဆယ်ယူရေး လုပ်ငန်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က
ပြီးခဲ့သည့် လကုန်ပိုင်းက ပို့ဆောင်ရေးဝန်ကြီးဌာနမှ လက်ခံရရှိခဲ့သည့် ရေယာဉ် ငါးစင်းအနက်မှ
အမှိုက်သိမ်းရေယာဉ် နှစ်စင်း ပါ၀င်သည်။
အမှိုက်သိမ်းရေယာဉ်များ၏ တန်ဖိုးမှာ တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ရှိကြောင်း
သိရသည်။
ယခင်က အမှိုက်သိမ်းယဉ်များ ရှိခဲ့သော်လည်း သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့်
ရေယာဉ်သစ်များကို တည်ဆောက်မှာယူ အသုံးပြုနေခြင်းဖြစ်သည်။
















