ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်
ခွင့်ပြုချက်လျှောက်ထားမှု ၃၀၁ မှုရှိခဲ့ရာ ပြီးခဲ့သည့် နှစ်များထက် အနည်းငယ်သာ ပိုခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက ယခုလ
၁၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်တွင် စီတန်းလှည့်လည်ကာ
ဆန္ဒဖော်ထုတ်ခွင့် ခွင့်ပြုချက်ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ တောင်းခံမှုမှာ ယခုနှစ်
ဇန်နဝါရီလမှ အောက်တိုဘာလအထိ စုစုပေါင်း ၃၀၁ မှု ရှိခဲ့သည်။
မတ်လက အများဆုံးဖြစ်ပြီး ကျန်လများတွင် ၁၃ မှုမှ ၄၁ မှုအထိသာ ရှိကြောင်း သိရသည်။
ခွင့်ပြုချက်တောင်းခံမှု ၃၀၁ မှုတွင် ၂၆၆ မှု ခွင့်ပြုခဲ့ပြီး ငြင်းပယ်မှု ၁၈ မှု ရှိခဲ့ကြောင်း စာရင်းများအရ
သိရသည်။
သက်ဆိုင်ရာခွင့်ပြုသူက ရုပ်သိမ်းမှု ၁၇ မှု ရှိခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်သဖြင့် အရေးယူမှု
၅၂ မှုရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင် ၂၀၁၃ ခုနှစ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ
စီတန်းလှည့်လည်ခွင့် ခွင့်ပြုချက် တောင်းခံမှု ၂၉၆ မှုတွင် ခွင့်ပြုမှု ၂၃၅ မှုရှိခဲ့ပြီး ငြင်းပယ်မှု ၃၆ မှု
ရှိခဲ့ကာ ခွင့်မပြုမှု ခုနစ်မှုနှင့် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်မှု ရ၉ မှု ရှိခဲ့သည်။
၂၀၁၂ ခုနှစ်က ခွင့်ပြုချက်တောင်းခံမှု ရ၉ မှုရှိခဲ့ပြီး ၃၈ မှုကို ခွင့်ပြုခဲ့ကာ ခွင့်မပြုမှု ၃၀ မှု ရှိခဲ့ပြီး
ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်မှု ၆၀ ခန့်ရှိခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်နဲ့
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေအရ ဦးဆောင်ဟောပြောလိုသူက သက်ဆိုင်ရာမြို့နယ်
ရဲတပ်ဖွဲ့မှူးရုံးသို့ ငါးရက်ခန့် ကြိုတင်လျှောက်ထားရမည်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက
သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြကာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့်
ဆန္ဒဖော်ထုတ်ခွင့် ရရှိမည်ဖြစ်သည်။
















