ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံး ရထားလက်မှတ်ခများကို မိုင်နှုန်းဖြင့် ကောက်ခံခြင်းစနစ်
ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်သည်။
"နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရထား လက်မှတ်ခတွေကို မိုင်နှုန်းနဲ့ သတ်မှတ်ပြီး ကောက်ခံမယ်။
သုညမိုင်ကနေ ၁၅ မိုင်အထိကို ကျပ် ၅၀ နဲ့ ၁၅ မိုင်ကနေ မိုင် ၃၀ အတွင်းကို ကျပ် ၁၀၀ အဖြစ်
ပြောင်းလဲ ကောက်ခံသွားမယ်" ဟု မြန်မာ့မီးရထား၊ အောက်မြန်မာပြည် အထွေထွေမန်နေဂျာ
ဦးထွန်းအောင်သင်း က ပြောသည်။
အဆိုပါကောက်ခံမှုပုံစံကို ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကျင့်သုံးခဲ့ဖူးပြီး လက်မှတ်ခနှုန်းထား
များမှာ သုည မိုင်မှ ၁၅ မိုင်အတွင်း ကျပ် ၁၀ ၊ ၁၅ မိုင်မှ မိုင် ၃၀ အတွင်း ကျပ် ၂၀ နှင့်
မြို့ပတ်လက်မှတ်ခ တစ်စောင်လျှင် ကျပ် ၂၀ နှုန်းဖြစ်ပြီး ဘူတာအလိုက် ဘူတာအမည်၊
လက်ဝဲရစ်၊ လက်ယာရစ် ၁၅ မိုင်အထိ ဘူတာများကို ရိုက်နှိပ်ဖော်ပြထားခဲ့သည်။
ခရီးသည်များကလည်း မိုင်အကွာအဝေး သတ်မှတ်ချက်ဖြင့် ရောင်းချမှုကို နားလည်ပြီး
ခရီးစဉ်တစ်ခုတည်းအတွက်ဆိုသည်ကို သိရှိသည့်အပြင် ခရီးစဉ်အတွက် အဆင့်ဆင့် လက်မှတ်
၀ယ်ယူရမည်ကို နားလည်ခဲ့ကြသည်။
လက်မှတ်ရောင်းချသော ၀န်ထမ်းများ၊ လက်မှတ်စစ်ဆေးသော ၀န်ထမ်းများ အနေဖြင့်လည်း
ရောင်းချမှု၊ စစ်ဆေးမှု လွယ်ကူသော စနစ်ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ရထားလက်မှတ်များကို သုံးဆမြှင့်တင်ခဲ့ရာ
မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများ၏ လက်မှတ်ခကိုလည်း ကျပ် ၁၀၀ အဖြစ် သတ်မှတ်ခဲ့ပြီး
ခရီးစဉ်နှစ်ခု သို့မဟုတ် အသွား၊ အပြန်စီးနင်းနိုင်သည်ဟု သတ်မှတ်ခဲ့သည်။
မူလစနစ်ဖြစ်သည့် မိုင်အကွာအဝေးပေါ် မူတည်ခြင်း မရှိတော့ဘဲ ရထားပေါ်က မဆင်းမချင်း
ခရီးစဉ်တစ်ခုဟု သတ်မှတ်ခဲ့သည်။
"ဒီစနစ်ကို ကျင့်သုံးခဲ့တာကတော့ ခရီးသည်အနေနဲ့ ရထားစီးရာမှာ အချိန်ကုန်သက်သာစေရေးနဲ့
အကြွေပြန်အမ်းရတဲ့ ပြဿနာ လျော့နည်းရေးအတွက် ရည်ရွယ်ခဲ့ပေမယ့် ကျွန်တော်တို့ဘက်က
အားနည်းချက်တွေကြောင့် ခရီးသည်တချို့က အခွင့်အရေးယူတာတွေ ရှိခဲ့တယ်" ဟု
ဦးထွန်းအောင်သင်းက ပြောသည်။
ဘူတာများ တည်ဆောက်ထားမှု အခြေအနေအရ အကာအရံ အားနည်းမှုကြောင့်
တစ်နေရာတည်းက ၀င်ထွက်ရမည့်အစား နေရာတိုင်းမှ ၀င်ထွက်နိုင်ခြင်း၊ ရန်ကုန်၊ ကြည့်မြင်တိုင်၊
အင်းစိန်၊ ပုဇွန်တောင်၊ သင်္ဃန်း ကျွန်းဘူတာတို့မှ လွဲ၍ ကျန်ဘူတာများတွင် လက်မှတ်
သိမ်းဆည်းနိုင်မှု မရှိခြင်း၊ လက်မှတ် စစ်အင်အားလျော့နည်းခြင်းတို့ကြောင့် ရထားတိုင်းကို
အချိန်ပြည့်၊ အင်အားပြည့် စစ်ဆေးနိုင်မှုမရှိခြင်း၊ လက်မှတ်ပေါ်တွင်လည်း လက်ဝဲရစ်လက်ယာရစ်
မပါခြင်း၊ ခရီးဆုံးဘူတာ မရိုက်နှိပ်နိုင်သည့် အားနည်းချက်များ ရှိခဲ့သည်။
ထို့ကြောင့် ခရီးသည်အချို့က ခရီးစဉ်တစ်ခု ပြီးဆုံးချိန်၌ ဆင်းသည့်ဘူတာတွင် လက်မှတ်ကို
မအပ်နှံခြင်း၊ လက်မှတ်သိမ်းမှု အားနည်းချက်အပေါ် ခရီးသည် အချင်းချင်းလက်မှတ်ကို
လက်ဆင့်ကမ်းခြင်း၊ လက်မှတ် တစ်စောင်တည်းကိုပင် အကြိမ်ကြိမ် အသုံးပြုစီးနင်းခြင်း၊
လက်မှတ်ကို နှစ်ပိုင်းခွဲ၍ တစ်ဦးလျှင် တစ်ပိုင်း စီကိုင်ဆောင်၍ အစစ်ဆေးခံခြင်းများရေး
ပြုလုပ်လာကြသည်ဟု သိရသည်။
အဆိုပါ အားနည်းချက်များ မရှိစေရေးအတွက် မြန်မာ့မီးရထားက ၂၀၁၃ ခုနှစ်မှ စတင်၍
လက်မှတ်တစ်စောင်ကို ခရီးစဉ် နှစ်ခု၊ သို့မဟုတ် အသွားအပြန် သုံးခွင့်မပြုတော့ဘဲ ခရီးစဉ်တစ်ခု
အတွက်သာ သတ်မှတ်ရောင်းချပေးခဲ့သည်။
လက်ရှိ ရထားစီးနင်းခများမှာ ရိုးရိုး ကျပ် ၁၀၀၊ အဆင့်မြင့်တွဲဆိုင်း ကျပ် ၂၀၀၊ Air Con RBE
ကျပ် ၃၀၀ ဖြစ်သည်။
"ရန်ကုန်တိုင်းဒေသကြီးမှာ တစ်နေ့ကို မြို့ပတ် ရထား ၂၃ စင်းနဲ့ ၂၁၂ ခေါက်ပြေးဆွဲတယ်။
၀င်ငွေက တစ်ရက်ကို ကျပ် သိန်း ၈၀ ကျော်လောက် ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆီဖိုးမရဘူး။
ဆီဖိုးရဖို့က တစ်ရက်ကို ရှစ်သိန်းကနေ ၁၀ သိန်းကြား လိုတယ်။ မြို့ပတ်ရထားအတွက်
တစ်ရက်ကို ကျပ် သိန်း ၁၀၀ လောက်နိုင်ငံတော်က စိုက်ထုတ်ပေးနေရတယ်။ မိုင်နှုန်းနဲ့
သတ်မှတ်တဲ့ စနစ်ကို ပြောင်းလိုက်မယ်ဆိုရင် မြို့ပတ်ရထားက တစ်နေ့ကို ကျပ် ၂၄ သိန်း
၀င်နေရာကနေ ကျပ် သိန်း ၄၀ ကျော် ကျော်လောက်ဖြစ်သွားမယ်" ဟု ဒုတိယ အထွေထွေ
မန်နေဂျာ ဦးဇော်ဖေစိန်က ပြောကြားသည်။

















