ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရဟန်းတုယောင်ဆောင်ကာ အလှူခံမှုများ ပြုလုပ်ပြီး
သာသနာတော် ညှိုးနွမ်းစေသည့် ပြုလုပ်မှုကျူးလွန်သူများ များပြားလာခြင်းကြောင့်
နိုင်ငံတော် သံဃာ့မဟာနာယက အနေဖြင့် စီမံချက်များချမှတ်ကာ ဆောင်ရွက်နေကြောင်း
ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယက ဒုတိယဥက္ကဋ္ဌဆရာတော် ဦးဂုဏာလင်္ကာရက
မြန်မာတိုင်း(မ်)ကို မိန့်ကြားသည်။
"ယခင်က သာသနာတော်သန့်ရှင်းရေး ဖွဲ့ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့
အခုနောက်ပိုင်း လုပ်ကိုင် ဆောင်ရွက်မှုပိုင်း အားနည်းလာတယ်။ မရှိသလောက် ရှားလားတယ်။
ဒါကြောင့် ရဟန်း အတုယောင်ဆောင်တွေ များလာတယ်။ မြို့ထဲမှာ အလှူခံမှုတွေ ပိုမိုပြုလုပ်လာ
ကြတယ်။ သူတို့တွေကြောင့် ဗုဒ္ဓသာသနာတော်လည်း အခြားဘာသာတွေရဲ့ အမြင်မှာ
အထင်မြင်သေးမှုတွေ ခံရနိုင်တယ်။ အဲဒီအတွက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အနေနဲ့
စီမံညွှန်ကြားချက်တွေချပြီး ဆောင်ရွက်နေပါတယ်" ဟု ဆရာတော်က မိန့်သည်။
သံဃာ့မဟာနာယကအဖွဲ့အနေဖြင့် အမိန့်ညွှန်ကြားချက် ရ၂ ကို စက်တင်ဘာလ အတွင်းက
ထုတ်ပြန်ခဲ့ကာ မြို့နယ်သံဃာ့နာယကအဖွဲ့များထံ ပေးပို့ဖြန့်ဝေပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း
ဆရာတော်က မိန့်ကြားသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါအမိန့်ညွှန်ကြား
ချက်သည် ရဟန်းသံဃာတော်များအနေဖြင့် လက်ဖက်ရည်ဆိုင်များ ထိုင်ခြင်း၊ ရုပ်ရှင်ပွဲများ
ကြည့်ရှုခြင်း၊ ဘောလုံးပွဲများ ကြည့်ရှုခြင်း၊ မြို့နယ်တွင်းရှိ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်များ
တွင် လှည့်လည်ဝင်ရောက် အလှူခံခြင်း စသည့် အချက်များ အကျုံးဝင်သည်။
စီမံချက်များကို မြို့တွင်းမြို့နယ်များဖြစ်သည့် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတားမြို့နယ်တို့တွင်
အဓိက ဦးစားပေးစီစဉ် ဆောင်ရွက်ရန် စီစဉ်ထားပြီး ခရိုင်/တိုင်း သာသနာရေးမှူးနှင့် မြို့နယ်
အုပ်ချုပ်ရေးမှူးတို့ထံ အကြောင်းကြားထားကြောင်း၊ ထိုသို့ စီမံဆောင်ရွက်ရာတွင်
အရပ်ဘက်ဆိုင်ရာ ပြည်သူများ၊ အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရဲစခန်းများက သာသနာတော်
သန့်ရှင်းရေးအတွက် ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးရန် ဆရာတော်က မိန့်ကြားသည်။
"သာသနာတော် သန့်ရှင်းရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ အရပ်ဘက်ပြည်သူတွေကို
သတိပေးချင်တာက အဲဒီလို အယောင်ဆောင်ပြီး လှည့်လည်အလှူခံနေတဲ့ ပုဂ္ဂိုလ်တွေကို
အားမပေးမိစေဖို့ဘဲ။ လိုအပ်ရင် မြို့နယ်/ရပ်ကွက် သံဃာ့နာယကအဖွဲ့တွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး
နဲ့ မြို့နယ်ရဲစခန်းတွေကို သတင်းပို့ တိုင်ကြားပေးရမယ်။ တစ်ခုရှိတာက ရဲတွေက ရဟန်းတုယောင်
တွေကို ဖမ်းဆီးတဲ့နေရာမှာ သာသနာသန့်ရှင်းရေးအတွက် လုပ်တာကို မဝံ့မရဲနဲ့ မလုပ်ချင်ကြဘူး
ဖြစ်နေတယ်။ ဒါဟာ မှားတယ်၊ သာသနာသန့်ရှင်းရေးအတွက် လုပ်ကို လုပ်ကြရမယ်။
မသိချင်ယောင်ဆောင်နေလို့ မရဘူး" ဟု ဆရာတော်က မိန့်သည်။
ယခင်မြို့တွင်း သာသနာသန့်ရှင်းရေးအဖွဲ့ များနှင့် လှည့်လည်ဆောင်ရွက်ခဲ့ရာတွင် အချို့သော
ကျောင်းထိုင်ဆရာတော်ကြီးတို့၏ ညွှန်ကြားချက်များကြောင့် သာကေတ၊ ဒေါပုံ၊ ဒဂုံမြောက်/
တောင် စသော မြို့နယ်များမှ မြို့တွင်းသို့ ကိုရင်လေးများစေလွတ်ကာ အလှူခံစေခိုင်းမှုများကိုလည်း
တွေ့ရှိခဲ့ရကြောင်း၊ ထိုကြောင့် ၎င်းကိုရင်လေးများကို စိစစ်မေးမြန်ကာ သက်ဆိုင်ရာကျောင်းထိုင်
ဆရာတော်များကို စိစစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ကနေ ခေါ်ယူသတိပေးခြင်းနှင့်
အရေးယူဆောင်ရွက်မှု ပြုလုပ်ခဲ့ရကြောင်း ဆရာတော်က မိန့်သည်။
အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း သံဃာတစ်ပါးအသွင်ယူကာ ရန်ကုန်မြို့၌ လိုက်လံ
အလှူခံပြီးကိုယ်ကျိုးအတွက် သုံးစွဲနေသည့် အမျိုးသားတစ်ဦးကို ကြည့်မြင်တိုင် မြို့မရဲစခန်းတွင်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅/ ၂၉၅ (က)၊ သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်
အရေးယူခဲ့သည်။
















