အမျိုးသားပြတိုက်(ရန်ကုန်) တွင် အသံဖြင့် လမ်းညွှန်စနစ် စတင်ကျင့်သုံး

အမျိုးသားပြတိုက်(ရန်ကုန်) တွင် အသံဖြင့် လမ်းညွှန်စနစ် စတင်ကျင့်သုံး

ဂျပန်နိုင်ငံ မိယာရှိတကုမ္ပဏီက အမျိုးသား ပြတိုက်သို့ လှူဒါန်းခဲ့သည့် အသံဖြင့် လမ်းညွှန်စက်
၄၂ လုံးတွင် ပြတိုက်တွင် လက်ရှိပြသထားသည့် ပစ္စည်း ၃၀ ကို ထည့်သွင်းထားကြောင်း
သိရသည်။

အဆိုပါစက်များနှင့် အားသွင်းစက်မှာ အမေရိကန် ဒေါ်လာ သုံးသောင်းကျော် တန်ဖိုးရှိကာ
အောက်တိုဘာ ၃၀ ရက်နေ့က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မြန်မာ၊ ဂျပန်၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာ လေးမျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး အသံသွင်း
ထားသော၊ အချက်အလက်၊ အထောက်အထားများကို အမျိုးသားပြတိုက်မှ တာဝန်ယူရေးသားပြီး၊
မီယာရှိတက ဘာသာပြန်ဆိုကာ အသံသွင်းယူသည်။

"ကျွန်မဟာ အနုပညာသမိုင်းကို ၁၉၇၃ လန်ဒန်က ဗစ်တိုးရီးယား၊ အဲလ်ဗစ် ပြတိုက်မှ စတင်
လေ့လာခဲ့စဉ်က အရှေ့တိုင်းယဉ်ကျေးမှုဘာသာရပ်မှာ မြန်မာ့ အနုပညာကို လေ့လာခွင့် ရခဲ့တယ်။
ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ သမိုင်းဖြစ်စဉ်တွေဟာ ကျွန်မအတွက် ရင်သပ်ရှုမောဖြစ်စေခဲ့တယ်။ လွန်ခဲ့တဲ့
သုံးနှစ်က ရန်ကုန် အမျိုးသားပြတိုက်ကို လေ့လာခွင့်ရတဲ့ အချိန်မှာ အဲ့ဒီလို ခံစားမှုမျိုးပြန်ရခဲ့တယ်။
ပစ္စည်းတွေနဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို ထိုးတာတာ နိုင်ငံခြားသားဧည့်သည်တွေ
အတွက် မြန်မာ့လက်ရာ၊ သမိုင်းကြောင်းကို လေ့လာဖို့ အခွင့်အရေးကောင်းပါပဲ။ ဒါပေမဲ့
ဘာသာစကားများများနဲ့ ရည်ညွန်းစာတွေကို ရှင်းလင်းပေးနိုင်ရင် ပိုလို့တောင်ကောင်းပါသေးတယ်။
ဒါကြောင့် ဒီ အသံလမ်းညွန်စက်ကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်မ ခံစားရသလိုပဲ လာကြည့်တဲ့
ဧည့်သည်တိုင်းကို ခံစားစေချင်ပါတယ်"ဟု မစ္စနဆုအိုမီယာရှိတ က ပြောသည်။

မီယာရှိတ လီမီတက်သည် ဂျပန်နိုင်ငံ၌ ပထမဆုံး အသံလမ်းညွှန်စက်များကို ၁၉၉၈ ခုနှစ်တွင်
စတင်မိတ်ဆက်ပေးခဲ့သည်။

ထို ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ မစ္စ နဆုအိုမီယာရှိတ သည် ဂျပန်နိုင်ငံရှိ ပြတိုက်များတွင် အသံဖြင့်
လမ်းညွှန်စနစ်ကို မိတ်ဆက်ပေးခဲ့သူဖြစ်သည်။

အလားတူ ၂၀၁၁ ခုနှစ်က စတင်ခဲ့သော မြန်မာနိုင်ငံရှိ ကလေးများအတွက် ရွေ့လျားစာကြည့်တိုက်
ဆောင်ရွက်ပေးရေး အစီအစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါ၀င်ကူညီနေ သူတစ်ဦးလည်းဖြစ်သည်။

၎င်းသည် အနုပညာ သမိုင်းသုတေသီ ဖြစ်သည့် အားလျော်စွာ မြန်မာ့ယဉ်ကျေးမှု အနုပညာ
လက်ရာများကို ကမ္ဘာ့သို့ မိတ်ဆက်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း
သိရသည်။

လက်ရှိပြတိုက်တွင် ပြသထားသည့် ပစ္စည်းအမျိုးအစား ၂၀၀၀ မှ ကျန်ပစ္စည်းများကိုလည်း
လမ်းညွန်စက်တွင် ဆက်လက်၍ ထည့်သွင်းနိုင်ရန်အတွက် ဌာန၏ ငွေးကြေးပံ့ပိုးမှု ပေါ်မူတည်၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြတိုက်ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး