တစ်လမ်းမောင်း လမ်းများတွင် ယာဉ်ရပ်နားရန် နေရာများ ပြန်လည်ပြင်ဆင်ရန် တင်ပြထား

တစ်လမ်းမောင်း လမ်းများတွင် ယာဉ်ရပ်နားရန် နေရာများ ပြန်လည်ပြင်ဆင်ရန် တင်ပြထား

ခရီးသည်တင်ယာဉ်များကို မျဉ်းဝါယာဉ်ကြော အတွင်းသာ မောင်းနှင်ရန် သတ်မှတ်ထား
သော်လည်း တစ်လမ်းမောင်း လမ်းများ၏ ညာဘက်၌ ယာဉ်ရပ်နားရန် ကားပါကင်များ
တည်ဆောက်ထားမှုကို ပြန်လည်ပြင်ဆင်ရန် တင်ပြထားကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ
ဦးလှအောင်က ပြောသည်။

"ပုဇွန်တောင်လမ်းမကြီးမှာဆိုရင် ညာဘက်မှာ ပါကင်တွေ လုပ်ထားတာ ရှိတယ်။ အဲဒီကားတွေ
၀င်တာထွက်တာကို ခရီးသည်တင်ယာဉ်က ပြန်ရပ်စောင့်ပေးရတာမျိုး ရှိတယ်။ ဒါကြောင့်
ကားပါကင်စနစ်တွေကိုလည်း ပြန်တင်ပြထားတယ်။ အမှန်က တစ်လမ်းမောင်းလမ်းတွေမှာ
ပါကင်ထိုးရင် ဘယ်ဘက်မှာပဲ ထိုးရမယ်။ ညာဘက်က ဘတ်စ်ကားသွားဖို့ ဖြစ်တယ်။ ဒါကလည်း
၂၀၀၇ ခုနှစ်လောက်ကတည်းက ကျင့်သုံးခဲ့တာဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

တစ်လမ်းမောင်း လမ်းများတွင် လက်ဝဲဘက်၌သာ ကားများရပ်နားရန် သတ်မှတ်ထားသည့်
အတွက် ကားပါကင်များ စနစ်တကျဖြစ်စေရန်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
က ဆောင်ရွက်သွားရမည်ဖြစ်သည်။

"ရန်ကုန်မြို့တော်ဝန် ပြောကြားချက်အရတော့ တစ်လမ်းမောင်းတွေရဲ့ ညာဘက်ကားပါကင်တွေကို
ပြန်လည်သုံးသပ်ပြီး ဥပဒေနဲ့ညီအောင် ဆောင်ရွက်ပြီးတော့ ဘတ်စ်ကားတွေ စနစ်တကျ
သွားနိုင်ရေး ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ တကယ်လို့ ကားပါကင်အတွက် ငွေပေးသွင်း
ထားတာတွေ ရှိတယ်ဆိုရင်တောင် ဥပဒေနဲ့အညီ ဆောင်ရွက်ပြီး ပိတ်သိမ်းပေးမယ်လို့ ပြောတယ်။
ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး"ဟု ဦးလှအောင်
က ပြောသည်။

ထို့ပြင် အနော်ရထာလမ်းကဲ့သို့ တစ်လမ်းမောင်း လမ်းများတွင် မျဉ်းဝါယာဉ်ကြောအတွင်း
ကိုယ်ပိုင်ယာဉ်နှင့် တက္ကစီယာဉ်များ ၀င်ရောက်မောင်းနှင်မှုများ ရှိနေသောကြောင့် ခရီးသည်တင်
ယာဉ်များ အခက်တွေ့လျက်ရှိသည်။

"ကျွန်တော်တို့ကို မျဉ်းဝါလိုင်းအတွင်းကပဲ မောင်းဖို့ သတ်မှတ်ထားတယ်။ ဒါပေမဲ့
တစ်လမ်းမောင်းတွေမှာ လမ်းကြားတွေက ထွက်လာတဲ့ ကားတွေက မျဉ်းဝါကြောထဲပဲ ၀င်တယ်။
ကြားဖြတ်ဝင်တာဆိုတော့ ကျွန်တော်တို့က စောင့်နေရတယ်။ တကယ်လို့ အပေါ်ကြောက
မောင်းရင်လည်း သတိပေးခံရတယ်။ မျဉ်းဝါလိုင်းထဲက မောင်းမမောင်း မထသနဲ့ ပူးပေါင်းအဖွဲ့တွေ
က စစ်ဆေးနေကြတယ်" ဟု အမှတ် ၂၁၃ ယာဉ်လိုင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

စစ်ဆေးရေးအဖွဲ့များကလည်း ခရီးသည် တင်ယာဉ်များ မျဉ်းဝါယာဉ်ကြောအတွင်း စနစ်တကျ
မောင်းနှင်ရေး အောင်မြင်သည်အထိ စောင့်ကြည့်စစ်ဆေးသွားမည်ဟု သိရသည်။

"ဒီလိုသတ်မှတ်ချက်ကလည်း ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းတဲ့နည်း တစ်နည်းဖြစ်ပါတယ်။
ပြည်သူတွေလည်း ပူးပေါင်းပါ၀င်ဖို့လိုတယ်။ မျဉ်းဝါ ယာဉ်ကြောမှာ ဈေးရောင်းနေတဲ့ သူတွေလည်း
အခုထိရှိနေသေးတယ်။ ယာဉ်ကြောကျပ်တည်းမှုနဲ့ ပတ်သက်ပြီး သုံးလအတွင်းမှာ ထူးခြားအောင်
လုပ်ရမယ်လို့ နိုင်ငံတော်ကလည်း ညွှန်ကြားထားတာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့
အောင်မြင်တဲ့အထိ ဆောင်ရွက်သွားမှာပါ" ဟု ဦးလှအောင် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကလည်း ရန်ကုန်မြို့တော်တွင်း သယ်ယူ ပို့ဆောင်ရေးကဏ္ဍ
အဆင်ပြေစေရေးအတွက် ရည်မှန်းချက်ထားကာ ဂျိုက်ကာ နှင့် ပူးပေါင်း၍ ၂၀၁၈၊ ၂၀၂၅ နှင့်
၂၀၃၅ ခုနှစ်များအထိ နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည် စီမံကိန်းများ ချမှတ်ထားသည်။

၂၀၁၈ ခုနှစ်ရောက်မှသာ လုပ်ငန်းများ စတင်မည်ဟု သတ်မှတ်ထားသော်လည်း ၂၀၁၈
မရောက်ခင် ကြားကာလများတွင်လည်း ၎င်းတို့ဘက် တတ်နိုင်သည်များကို ကြိုတင်
လုပ်ဆောင်ပေးနိုင်ရန် ဖိတ်ခေါ်ထားသည်ဟု သိရသည်။

"ဂျပန်ရဲ့ ပိုင်းလော့ပရောဂျက်အရ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့ မီးပွိုင့် ၁၀ ခုမှာ ရှစ်မိုင်မှာ
လိုမျိုး အလိုအလျောက် ယာဉ်ကြောရှင်းစနစ်ကို တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း
မီးပွိုင့် ၅၀ မှာ ထပ်တပ်ဖို့ ရှိပါတယ်။ ကျန်တဲ့ မီးပွိုင့် ၁၀၀ မှာတပ်ဖို့လည်း ဂျပန်နဲ့ ဆက်စပ်တဲ့
ကုမ္ပဏီတစ်ခုက တာဝန်ယူပေးနေပါတယ်" ဟု ၎င်းကပြောသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံရန်
အလားအလာရှိပြီး လက်ရှိတွင် ညပိုင်း၌လည်း ခရီးသည်တင်ယာဉ်များကို စောင့်ရှောက်ရန်
ယာဉ်လိုင်းများ ပိတ်သိမ်းချိန်အထိ မထသ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး