ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ နည်းပါးသည့် မြို့နယ် ၁၀ မြို့နယ်တွင် မဲဆန္ဒရှင်စာရင်း
ပြုစုခြင်းနှင့် အချက်အလက်များကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်းစဉ်များကို
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၏ ကနဦးအဆင့်အနေဖြင့် ယခုလ
၁၃ ရက်နေ့က စတင်လုပ်ဆောင်နေပြီဖြစ်သည်။
အဆိုပါ ၁၀ မြို့နယ်မှာ ဗိုလ်တထောင်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဆိပ်ကြီးခနောင်တို၊ ဆိပ်ကမ်း၊ ဒဂုံ၊
လသာ၊ ကျောက်တံတား၊ လမ်းမတော်နှင့် ကမာရွတ်မြို့နယ်တို့ ဖြစ်ကြပြီး ကျန်မြို့နယ်များတွင်
မဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို နောက်ပိုင်းတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်ဟု
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။
"ပထမဆုံးအဆင့်ဆိုတော့ အခက်အခဲတွေ ရှိမှာပဲလေ။ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်
ပြီးအောင်ဆိုပြီးတော့ လူဦးရေနည်းတဲ့ မြို့နယ်တွေကို ဦးစားပေးထားပါတယ်။ အခုလက်ရှိ
လုပ်ဆောင်နေတဲ့ ၁၀ မြို့နယ်က လူဦးရေနည်းတဲ့ မြို့နယ်တွေဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
"ရပ်ကွက်နဲ့ ကျေးရွာကော်မရှင် အဖွဲ့ခွဲ တွေက မဲဆန္ဒရှင်စာရင်းတွေကို စာရင်းပြုစုတယ်။
သူတို့ပြုစုတဲ့ မဲဆန္ဒရှင်တွေရဲ့ အချက်အလက်တွေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တွေက
ကွန်ပျူတာထဲကို ရိုက်ထည့်တယ်။ ဒီလ ၁၃ ရက်နေ့က စတယ်" ဟု ၎င်းက ပြောသည်။
"မြို့နယ်တွေအားလုံး၊ ရပ်ကွက်တွေ အားလုံးက မဲစာရင်းတွေကွန်ပျူတာထဲ ထည့်သွင်း ပြီးသွားပြီ
ဆိုရင် မြို့နယ်အလိုက် မဲစာရင်းတွေကို Print Out လုပ်မယ်။ လုပ်ပြီးရင် ရပ်ကွက်ထဲမှာ
ကပ်ထားမယ်။ အဲဒီလို ကပ်ထားတယ်ဆိုတာကလည်း မဲဆန္ဒရှင်တွေက လာကြည့်ပြီးတော့
နာမည်မပါသေးရင် ထည့်နိုင်ဖို့၊ မှားနေရင် ပြင်နိုင်ဖို့၊ မပါသင့်တဲ့သူပါရင် ကန့်ကွက်နိုင်ဖို့
အဲဒီအခွင့်အရေးပေးတဲ့ အနေနဲ့ မြို့နယ်အလိုက်တော့ ကြေညာသွားမှာပါ။ အမှားအယွင်းတွေ
ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ နောက်ထပ်တစ်ကြိမ် ပြန်မကပ်တော့ဘူး။ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်ရဲ့ Database ကို အကုန်လုံးဝင်သွားမယ်။ တစ်နိုင်ငံလုံး ပြီးသွားရင်
UEC ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာ တစ်နိုင်ငံလုံး မဲစာရင်းကို တင်ထားမယ်"ဟု ၎င်းက
ပြောသည်။
မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မှတ်တမ်းတင်ထားသော အိမ်ထောင်စု
စာရင်းများအပေါ် အခြေခံ၍ ပြုစုသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဌာနရှိ လူဦးရေစာရင်း
နှင့်လည်း ထပ်မံတိုက်စစ်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အခြေခံမဲဆန္ဒရှင်စာရင်း လက်စွဲစာစောင် ဆိုပြီးတော့
မူဝါဒသဘောမျိုး လက်စွဲစာစောင် ထုတ်ပေးထားပါတယ်။ ကျွန်တော်တို့က အဲဒီထဲကအတိုင်း
လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ကတော့ ကျူးကျော်တယ်၊ မကျူးကျော်ဘူးဆိုတာကို
မခွဲထားပါဘူး။ မိသားစုလည်းရှိမယ်၊ သူ့မှာ အိမ်ထောင်စု စာရင်းလည်းရှိမယ်ဆိုရင် ကျွန်တော်တို့
က မဲစာရင်းပြုစုမှာပါ။ ကျူးကျော်သည်ဖြစ်စေ၊ မကျူးကျော်သည်ဖြစ်စေ သူ့မှာ အိမ်ထောင်စု
စာရင်း မရှိဘူး၊ ဧည့်စာရင်းနဲ့တိုင်ပြီးနေရင် ကျွန်တော်တို့က မဲစာရင်းထဲမှာ မထည့်ပါဘူး" ဟု
၎င်းက ဆက်လက်ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊
စာနယ်ဇင်းကောင်စီတို့နှင့် စက်တင်ဘာလက တွေ့ဆုံခဲ့စဉ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်
မဲဆန္ဒရှင်စာရင်းပြုစုခြင်းကို အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်လုပ်ဆောင်
သွားမည်ဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
















