ခရီးသည်တင်ယာဉ်များအတွက် လမ်းကြောင်း သတ်မှတ်မှုကို ဆက်လက်လုပ်ဆောင်နေ

ခရီးသည်တင်ယာဉ်များအတွက် လမ်းကြောင်း သတ်မှတ်မှုကို ဆက်လက်လုပ်ဆောင်နေ

ခရီးသည်တင်ယာဉ်များကို သတ်မှတ်ယာဉ်ကြောမှ မောင်းနှင်စေရေးအတွက် ကွန်ကရစ်
ဘလောက်တုံးများ ချထားကာ လမ်းကြောင်းသတ်မှတ်ခြင်းအား ပြည်လမ်းနှင့် ကမ္ဘာအေးလမ်း
များတွင် ထပ်မံကာ အဓိက ထားလုပ်ဆောင်သွားမည်ဖြစ်သည်။

လက်ရှိတွင် အနော်ရထာလမ်းတစ်လျှောက် လမ်း ၅၀ ထိပ်မီးပွိုင့်မှ စတင်ကာ ချထားပြီး
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၂၈ လမ်းထိပ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ခရီးသည်တင်ယာဉ်ကို လမ်း၏ ညာဘက်အစွန်ဆုံးမျဉ်းဝါကြောမှ သွားရန် အောက်တိုဘာလမှ
စတင်ကာ သတ်မှတ်ခဲ့ကာ အခြားယာဉ်များ ၀င်ရောက်မောင်းနှင်ခြင်း မပြုရန်
သတ်မှတ်ထားသော်လည်း လိုက်နာမှုများ မရှိခြင်းကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့ မှစတင်၍
ကွန်ကရစ်တုံးများချပြီးလမ်းကြောင်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ အခု အနော်ရထာလမ်း တစ်လျှောက် ဘလောက်တုံးတွေ ချတယ်။ အဲဒါတွေက
အန္တရာယ်မများဘူးလားလို့ မေးရင်တော့ များတယ်လို့ ပြောလို့ရတယ်။ အဲဒီတုံး တစ်ခုကို
ကားတစ်စီးက တိုက်မိပြီး လဲသွားလို့ နောက်ကားကလည်း ထပ်တိုက်မိရင် အန္တရာယ်ရှိတယ်။
ဒါပေမဲ့ ဒီတုံးမချခင် ပလတ်စတစ် ရေပုံးချကြည့်ပါတယ်။ အကုန်လုံးက တိုက်ပစ်တယ်။ အဲဒီထက်
အရွယ်အစားလတ်တဲ့ တုံးကိုလည်း ချကြည့်တယ်။ ရွှေ့ပြီးမောင်းကြတယ်။ အဲဒီထက် မရွှေ့နိုင်တဲ့
တုံးကို ထားပေးခြင်းက သွားလာတဲ့ယာဉ်တွေ စည်းကမ်းမဲ့နေလို့ ထားပေးရခြင်းဖြစ်ပါတယ်။
နိုင်ငံကြီးသားမပီသဘူးပဲပြောပြော မလုပ်မဖြစ်လို့ လုပ်ပေးရတာ။ တဖြည်းဖြည်းနဲ့ လူတွေ
ကျင့်သားရသွားရင်တော့ အဆင်ပြေလာမယ်ထင်ပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးက ပြောသည်။

ခရီးသည်တင်ယာဉ်များ မျဉ်းဝါယာဉ်ကြောအတွင်းမှ ထွက်မောင်းလျှင်သော်လည်းကောင်း၊
အခြားယာဉ်များ မျဉ်းဝါယာဉ်ကြောအတွင်း ၀င်ရောက်မောင်းနှင်လျှင် သော်လည်းကောင်း
၁၉၆၄ ခုနှစ်မော်တော်ယာဉ် ဥပဒေအရ ဒဏ်ငွေရိုက် အရေးယူသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ
၁ ရက်နေ့ အထိ ၃၂ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း ဒုရဲမှူးကြီးလင်းထွဋ်က ပြောသည်။

ကွန်ကရစ်ဘလောက်တုံးများ ထားရှိကာ လမ်းသတ်မှတ်လိုက်ခြင်းအတွက် ညာဘက်
လမ်းကြောသို့ ကွေ့ရမည့် ကိုယ်ပိုင်ယာဉ်နှင့် တက္ကစီယာဉ်များ အနည်းငယ် အခက်အခဲ
ရှိသည်မှအပ ခရီးသည်အများစုက လက်ခံကြကြောင်း သိရသည်။

ထို့ပြင် တစ်လမ်းမောင်းလမ်းများတွင် ညာဘက်၌ ကားပါကင်များ ထားရှိခြင်းက ခရီးသည်တင်
ယာဉ်များ သွားလာရာတွင် အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ကားပါကင်များကို ပြန်လည်
ရုပ်သိမ်းသွားမည်ဖြစ်ကာ ကားပါကင်လုပ်ကိုင်ခွင့် ယူထားသော လုပ်ငန်းရှင်များသို့
ငွေများပြန်အမ်းသွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး