ရန်ကုန်မြို့တွင် လက်ရှိ ကြံုတွေ့နေရသော ယာဉ်ကြောကျပ်တည်းပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်
အတွက် ခရီးသည်တင်ယာဉ်များကို အများပိုင်ကုမ္ပဏီအဖြစ် ဖွဲ့စည်းကာ စနစ်ကျစေရန်
ဆောင်ရွက်သွားမည်ဖြစ်ပြီး အချိန် သုံးလခန့်အတွင်း အကောင်အထည်ဖော်သွားမည်ဟု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်
ကပြောသည်။
"အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် နိုဝင်ဘာလ ၁ ရက်နေ့က
ကျွန်တော်တို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုလုပ်ခဲ့တယ်။ အဲဒီမှာ ယာဉ်ကြောပိတ်ဆို့မှုကို
ဖြေရှင်းပေးရေး အတွက် လုပ်ဆောင်ပေးသင့်တဲ့ ၂၂ ချက်ရခဲ့တယ်။ အဲဒီမှာ အဓိကအချက်
သုံးချက်ထွက်လာတယ်။ ဘတ်စ်ကားတွေကို အများပိုင်ကုမ္ပဏီ ပြုလုပ်ရေး၊ ကျောင်းတွေ
အားလုံးအတွက် ကျောင်းကားအသုံးပြုရေးနဲ့ ကားပါကင်ကိစ္စဖြစ်ပါတယ်။ အချက် ၂၂ ချက်ထဲမှာ
တော်တော်များများ လုပ်ပြီးတာတွေလည်းရှိပါတယ်။ အချက်သုံးချက်ထဲမှာ ပထမခြေလှမ်းအဖြစ်
ဘတ်စ်ကားတွေအတွက် အများပိုင်ကုမ္ပဏီပြုလုပ်ရေးကို အရင်လုပ်သွားမှာဖြစ်ပြီး
သုံးလအတွင်းမှာ စတင်နိုင်အောင်လုပ်သွားမှာပါ" ဟု ၎င်းက ယခုလ ၂ ရက်နေ့တွင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အများပြည်သူ သွားလာမှုအဆင်ပြေ
ချောမွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲ (၂) ၌ ပြောသည်။
လက်ရှိ ရန်ကုန်မြို့ လူဦးရေ ၅ ဒသမ ရ သန်းကျော်၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ခရီးသည်တင်
ဘတ်စ်ကားများကို အဓိကထား အသုံးပြုနေကြပြီး ယာဉ်လိုင်းအားလုံးနီးပါးမှာ ပုဂ္ဂလိကပိုင်
ယာဉ်များဖြစ်ကာ စနစ်မကျမှုများ ရှိနေသလို စည်းကမ်းတကျ မရှိသောကြောင့် ယခုလို
အများပိုင်ကုမ္ပဏီ ထူထောင်ကာ အဖွဲ့တစ်ခုတည်းအောက်မှ ထိန်းချုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
"ယာဉ်ပိုင်ရှင်တွေက တစ်ဦးတစ်ယောက်ချင်းဖြစ်တဲ့အပြင် ယာဉ်မောင်းတွေကလည်း
အုံနာခပေးပြီးရင် ကျန်တာ ကိုယ်ရကိုယ်ယူစနစ်ဖြစ်တဲ့အတွက် လုမောင်းတာ၊ ပြိုင်မောင်းတာတွေ
ဖြစ်လာတယ်။ စနစ်တစ်ခုနဲ့ အများပိုင်ဖြစ်လာပြီဆိုရင်၊ ယာဉ်မောင်းကလည်း သူ့အတွက်
ငွေလုံလုံလောက်လောက်ရရင် ဒီလိုမျိုးဖြစ်စရာ မရှိတော့ဘူး။ ပြီးတော့ အချိန်တစ်ခုသတ်မှတ်ပြီး
ပြေးဆွဲပေးမယ်ဆိုရင် အခုလို ယာဉ်ကြော ကျပ်တည်းမှုတွေဖြစ်လာမှာ မဟုတ်တော့ဘူး" ဟု
ဒေါက်တာမောင်အောင်က ပြောသည်။
အများပိုင်စနစ်ကို ကျင့်သုံးလိုက်ခြင်းအားဖြင့် ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့ ယာဉ်အပြင်
အခြားယာဉ်များကိုပါ ဂရုပြုလေးစားသည့်အကျင့် ရရှိလာမည်ဖြစ်ပြီး ၀င်ငွေမှာလည်း
ပုံမှန်ရရှိမည်ဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက်လည်း အဆင်ပြေလာနိုင်မည်
ဟု ယူဆကြသည်။
"အနည်းဆုံးတော့ ငါ့ယာဉ်ဆိုပြီး ခွဲခြားတာမျိုး မဖြစ်နိုင်တော့ဘူး။ အားလုံးက ကိုယ့်ယာဉ်ပဲ
ဖြစ်သွားမယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေလည်း ပိုမိုတိုးတက်မြင့်မားတဲ့ ဘဝကိုရမယ်။
သူတို့ ၀င်ငွေမလောက်ငလို့ ယာဉ်စီးခ ပိုတောင်းပါတယ်ဆိုတဲ့ ပြဿနာတွေလည်း ရှိလာမှာ
မဟုတ်တော့ဘူး။ လစာစနစ်နဲ့ဆိုရင် ပုံမှန်ရနေမယ်။ အခြားအပိုဆုကြေးရတာတွေလည်း ရှိမယ်။
အများပိုင်ကုမ္ပဏီအဖြစ် ပြေးဆွဲရင် တချို့က ရှုံးမှာစိုးတယ်။ ဒါပေမဲ့ ဒီဘက်လိုင်းမှာ ရှုံးချင်ရှုံးမယ်။
ဒါပေမဲ့ တစ်ဖက်မှာ မြတ်တဲ့အတွက် အဲဒီဘက်က ပြန်ကာမိတဲ့ အနေအထားမျိုးလေးတွေ ရှိမယ်"
ဟု မထသ(ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
အများပိုင်ကုမ္ပဏီ ထူထောင်ရာတွင် အစိုးရကလည်း ပူးပေါင်း ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ဒီစနစ်မှာ အစိုးရက ပူးပေါင်းပါ၀င်စေချင်တာက ပိုပြီးမြန်မြန် အကောင်အထည်
ဖော်နိုင်ဖို့ဖြစ်ပါတယ်။ ကုမ္ပဏီချည်းပဲ သက်သက်သွားမယ်ဆိုရင် လေ့လာတာတွေ ဘာတွေနဲ့
အချိန်က ကြန့်ကြာပြီး ပြည်သူလူထုအကျိုးခံစားခွင့် နှောင့်နှေးနိုင်ပါတယ်။ ဘတ်ဂျက်ထည့်ဝင်ဖို့
လျာထားပြီးပြီလို့ သိရတဲ့အတွက် အစိုးရက ပူးပေါင်းပါ၀င်လာနိုင်တယ်လို့ ထင်ပါတယ်" ဟု
ဦးလှအောင်က ပြောသည်။
အများပိုင်ကုမ္ပဏီ တည်ထောင်ပြီးပါက ခရီးသည်တင်ယာဉ်များကိုလည်း နိုင်ငံခြားမှ တစ်ပတ်ရစ်
ကားများမှာယူကာ ပြေးဆွဲမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက
၎င်းကိစ္စကို ဦးစားပေးဆောင်ရွက်ပေးမည်ဖြစ်သည်။
ရန်ကုန်မြို့တွင်း အဓိကလမ်းမကြီး တစ်လျှောက်တွင်ရှိသော ကျောင်းများတွင် ကျောင်းသားတစ်ဦး
ကားတစ်စီးနှုန်းဖြင့် ကြိုပို့သည့်စနစ်ကြောင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက်
ကျောင်း ကားစနစ်ကိုလည်း အများပိုင်ကုမ္ပဏီဖွဲ့ ကာ တာဝန်ယူဆောင်ရွက်ရန် စီစဉ်သွားမည်
ဖြစ်ပြီး ခရီးသည်တင်ဘတ်စ်ကား နှင့် ကျောင်းကားများအတွက် အများပိုင် ကုမ္ပဏီဖွဲ့ရေး ဥပဒေ
ကိုလည်း တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
















