ရန်ကုန်၌ ခုံးကျော်တံတားသစ် သုံးစင်း ဆောက်မည်

ရန်ကုန်၌ ခုံးကျော်တံတားသစ် သုံးစင်း ဆောက်မည်

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်လမ်းများ ကျပ်တည်းပိတ်ဆို့နေမှုများကို ဖြေလျှော့နိုင်ရန်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခုံးကျော်တံတားသစ် သုံးစင်းကို ထပ်မံတည်ဆောက်
သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် က ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်
အထူးအစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးက အစိုးရအဖွဲ့၏ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်
ရသုံးမှန်းခြေငွေစာရင်း လျာထားချက်ကို တင်ပြရာတွင် အထူးစီမံကိန်းနှင့် ပတ်သက်၍
သုံးစွဲမည့် ဘတ်ဂျက် လျာထားချက်ကို တင်ပြစဉ် ၎င်းကပြောကြားသည်။

"တာမွေမြို့နယ် တာမွေခုံးကျော်တံတား အတွက် ၂၂ ဒသမ ၅ ဘီလျံ၊ မရမ်းကုန်းမြို့နယ်
ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအတွက် ၁၆ ဒသမ ၄၅ ဘီလျံ၊ ဗဟန်းမြို့နယ် ကုက္ကိုင်းလမ်းဆုံ
ခုံးကျော်တံတားတည်ဆောက်ရန် ၁၅ ဒသမ ၄ ဘီလျံ လျာထားပါတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရေးအတွက် ရန်ကုန်မြို့တွင်း အရေးကြီး
မီးပွိုင့် ၆၅ ပွိုင့်ကို Control Centre များဖြင့် ထိန်းချုပ်ခြင်း လုပ်ငန်းနှင့် အစိုးရနှင့် ပုဂ္ဂလိက
ပူးပေါင်း၍ ပို့ဆောင်ရေးကိစ္စများဆောင်ရွက်ရန် အစိုးရက ငွေကျပ်ဘီလျံ ၃၀ ခန့်
စတင် ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

လက်ရှိတွင် မြေနီကုန်း ခုံးကျော်တံတားကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ အထူးစီမံကိန်းအနေဖြင့် တည်ဆောက်လျက်ရှိရာ ကျပ် ၁၆ ဘီလျံကျော်
ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဒေါပုံနှင့် သင်္ဃန်းကျွန်းကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူး
တံတားကိုလည်း ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထူးစီမံကိန်း
အနေဖြင့် ကျပ် ကိုးဘီလျံကျော် အကုန်အကျခံ တည်ဆောက်ရန် လျာထားကြောင်းလည်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး