အခြေခံပညာကျောင်းများ၌ ကိုယ်ပိုင်ယာဉ်အစား ကျောင်းကားစနစ် ကျင့်သုံးနိုင်ရန် ဆွေးနွေးနေ

အခြေခံပညာကျောင်းများ၌ ကိုယ်ပိုင်ယာဉ်အစား ကျောင်းကားစနစ် ကျင့်သုံးနိုင်ရန် ဆွေးနွေးနေ

ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် အချက်တစ်ချက်အနေဖြင့် အခြေခံပညာကျောင်းများတွင်
နိုင်ငံတကာအဆင့်မီ ကျောင်းကြိုပို့ကားများ ထားရှိရန် ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်သည်။

"အဓိကအနေနဲ့ကတော့ ကိုယ်ပိုင်ကားအများစုနဲ့ ကျောင်းတက်တဲ့ ရန်ကုန်မြို့တွင်း
ခြောက်မြို့နယ်မှာရှိတဲ့ ကျောင်းတွေကို အဓိကထားပြီး ပညာပေးဆွေးနွေးမှာ ဖြစ်ပါတယ်။
အခုလက်ရှိ သုံးနေတဲ့ ကျောင်းကားတွေထက် ပိုကောင်းတဲ့ ကားတွေကို ကလေးတွေအတွက်
စီစဉ်ပေးရင် ကျောင်းသားမိဘတွေ အဆင်ပြေနိုင်မှု ရှိမရှိ ဆွေးနွေးမှာပါ" ဟု
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၊
ပညာပေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အများပြည်သူသွားလာမှု
အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ရှိလာသော ဖြေရှင်းရမည့်အချက်
၂၂ ချက်အနက် အခြေခံပညာကျောင်းများတွင် နိုင်ငံတကာအဆင့်မီ ကျောင်းကားများ
အသုံးပြုရေးကို အဓိကအရေးပါသော အချက်အဖြစ် သတ်မှတ်ထားသည်။

ကျောင်းကားများ အသုံးပြုခြင်းအားဖြင့် ယာဉ်ကြောကျပ်တည်းမှုကိုလည်း အထိုက်အလျောက်
ဖြေလျှော့ပေးနိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်ဖြင့်
ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံ ပညာကျောင်းကိုးကျောင်းတွင် ကျောင်းသား မိဘများနှင့်
လက်ရှိ ကျောင်းကြို/ပို့ကား ပိုင်ရှင်များဆွေးနွေးပွဲကို ကျောင်းများအလိုက် ယခုလ ၄ ရက်နေ့မှ
၁၂ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်သည်။

"ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီး တစ်လျှောက်မှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းသား
တစ်ယောက်ကို ကားတစ်စီးနဲ့ လာကြိုနေတဲ့ ကိစ္စကို အဓိကထား ဖြေရှင်းရမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ကျောင်းကားအများစုက လိုက်ထရပ်လို ကားမျိုးနဲ့ ပြေးဆွဲပေးနေကြတာ ဖြစ်ပါတယ်။
ဟိုက်အေ့စ်တို့နဲ့ ပြေးဆွဲပေးတာရှိပေမယ့် လုံခြံုစိတ်ချရမှု သိပ်မရှိသေးဘူး။ ကျောင်းကားတွေကို
ကုမ္ပဏီ တစ်ခုက တာဝန်ယူပြီး လုပ်ပေးတာမျိုးဖြစ်ရင် စိတ်ပူစရာ မလိုတော့ဘူး။ ပိုပြီးထိန်းချုပ်
ဖို့လည်း လွယ်တယ်။ အဲလိုလုပ်မယ်ဆိုရင် နံပါတ်တစ်အရေးကြီးတာက ကျောင်းသားမိဘတွေ
ကလည်း ကျေနပ်ရမယ်။ လက်ရှိ ပုဂ္ဂလိကနေ ပြေးဆွဲပေးနေတဲ့ ကျောင်းကားပိုင်ရှင်တွေကလည်း
ကျေနပ်ရမယ်ဆိုတော့ သူတို့လည်း ပူးပေါင်း ပါ၀င်မှရမယ်" ဟု စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင် က ပြောသည်။

ကျောင်းကြိုပို့ယာဉ်များ အသုံးပြုရန် တိုက်တွန်းသွားမည်ဖြစ်သော်လည်း မလုပ်မနေရဟု
ဖိအားပေးသွားမည် မဟုတ်ဘဲ ကျောင်းကားပြေးဆွဲလုပ်ချင်သူများအတွက် နိုင်ငံတကာအဆင့်မီ
မီနီဘတ်စ်များကို အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်သည်။

"မီနီဘတ်စ်တစ်စီးကို ကျောင်းသား အယောက် ၄၀ လောက်ဆံ့တဲ့အတွက် ယာဉ်ကြော
ကျပ်တည်းမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ကျောင်းကားပိုင်ရှင်တွေက လက်ခံရင်တော့
အရစ်ကျစနစ်နဲ့ ရောင်းချပေးဖို့အတွက်လည်း ကျွန်တော်တို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်" ဟု
ဦးလှသောင်းမြင့် က ပြောသည်။

"ကိုယ်ပိုင်ကားနဲ့ပဲ ကျောင်းပို့ချင်တယ်လို့ မိဘတွေကပြောလာရင်လည်း ရပါတယ်။ ဒါပေမဲ့
ရန်ကုန်က နာမည်ကြီးကျောင်းတွေမှာဆို မနက် ကားစီးရေ ၃,၀၀၀၊ ညနေ ၃,၀၀၀ လောက်က
ယာဉ်ကြောကျပ်တည်းမှုကို ဘယ်လောက်ဖြစ်စေလဲဆိုတာ တွေးကြည့်ရင် သိကြမှာပါ။
ကျွန်တော်တို့ ရည်ရွယ်တာကတော့ ကျောင်းသားတစ်ဦး ကျောင်းကားစီးတဲ့အခါမှာ
သူငယ်ချင်းတွေနဲ့ လူမှုဆက်ဆံရေးလည်း ကောင်းလာမယ်။ ကျောင်းသင်ခန်းစာတွေလည်း
အပြန်အလှန် မေးမြန်းလို့ ရမယ်။ ပိုပြီးအဆင့်မြှင့်နိုင်လာတဲ့အခါမှာ တစ်ခြားနိုင်ငံတွေမှာလိုပဲ
ကျောင်းကားပေါ်မှာတင် စာကျက်လို့ရမယ့် အနေအထားမျိုးထိရောက်အောင်လုပ်လို့ ရနိုင်ပါတယ်။
အခုချိန်ထိ ဆွေးနွေးမှုတွေ အရတော့ အခြေအနေက မဆိုးပါဘူး" ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ်က ကျောင်းကြိုပို့ကား ၁,၅၀၀ ခန့်သာရှိသော်လည်း ယခုနှစ်တွင် ၂,၃၀၀ အထိ
တိုးလာပြီး အမှတ်(၃) အခြေခံ ပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ ကျောင်းများတွင်
ကျောင်းကြိုပို့သော ကိုယ်ပိုင်ယာဉ်မှာ ၅,၀၀၀ ကျော်ရှိသည်။

ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှုအများဆုံးဖြစ် ပေါ်လေ့ရှိသော
ကျောင်းများမှာ သင်္ဃန်းကျွန်း အထက (၁)၊ ရန်ကင်း တီတီစီ၊ ဗိုလ်တထောင် အထက(၄) နှင့်
အထက (၅)၊ ပုဇွန်တောင် အထက (၄)၊ ကမာရွတ် တီတီစီ၊ ကမာရွတ် အထက (၂)၊
အလုံ အထက(၄) ၊ ဒဂုံ အထက(၁) နှင့် အလက (၁) တို့ဖြစ်ကြပြီး မနက်နှင့် ညနေအပြင်
ကျောင်းတက်ချိန် နှစ်ချိန်ခွဲထားသော ကျောင်းများတွင် နေ့လည်ဘက်၌ပါ ယာဉ်ကြော
ကျပ်တည်းမှု ဖြစ်ပွားလေ့ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး