ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ လမ်းမကြီးများနှင့် ထိပ်တိုက် ဆက်စပ်နေသော နေရာများတွင်
မော်တော်ယာဉ်များ အရှိန်လျှော့ မောင်းနှင်စေရန်အတွက် အချက်ပြ မီးဝါတိုင်များ
တပ်ဆင်သွားမည်ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစိုးမင်း က
မြို့တော်ဝန်ကိုယ်စား ပြောသည်။
"ကွန်ကရစ်ဘလောက်တုံးတွေ ချထားပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးပေမယ့်
လမ်းမကြီးတွေနဲ့ ထိပ်တိုက်ဆက်စပ်ပေးတဲ့ နေရာတွေမှာ အရှိန်လျှော့မောင်းနှင်နိုင်ဖို့အတွက်
အချက်ပြမီးဝါတိုင်တွေကိုတော့ တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
မြို့နယ် အရှေ့နှင့် အနောက်သို့ သွယ်တန်းထားသော ဗိုလ်မှူးဗထူးလမ်းမကြီးသည် တောင်နှင့်
မြောက်သွယ်တန်းထားသော ပြည်ထောင်စုလမ်းမကြီး၊ ဗန္ဓုလလမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီး၊
ဗိုလ်မင်းရောင်လမ်းမကြီး၊ ဦးဝိစာရလမ်းမကြီးများနှင့် ဆက်စပ်နေပြီး မူလတန်းကျောင်း
တစ်ကျောင်းနှင့် အထက်တန်းကျောင်း တစ်ကျောင်း ရှိကြောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့်
မြောက်ဥက္ကလာပမြို့နယ်များအား ဆက်စပ်ကာ ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် နှစ်လမ်းသွားမှ
လေးလမ်းသွား တိုးချဲ့ခဲ့သဖြင့် ကောင်းမွန်သော်လည်း လမ်းမကြီးများနှင့် ထိပ်တိုက်ဆက်စပ်
နေသော နေရာများ၌ အရှိန်လျှော့မောင်းရန် လိုအပ်လာကြောင်းဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်း က တင်ပြခဲ့သည်။
















