စည်ပင်ရွေးကောက်ပွဲကို စီးပွားရေးသမားတွေ ဘာကြောင့် ၀င်ပြိုင်သလဲ

စည်ပင်ရွေးကောက်ပွဲကို စီးပွားရေးသမားတွေ ဘာကြောင့် ၀င်ပြိုင်သလဲ

"ဒီရွေးကောက်ပွဲကို ၀င်ပြိုင်မယ်ဆိုတော့ ကျွန်တော့် မိသားစုကတောင် ရူးနေလားလို့ မေးယူရတဲ့
အထိပဲ"လို့ ပြောလာသူကတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ဖြစ်တဲ့ ဦးဌေးအောင်ပါ။

'ဆာကူရာ' အမည်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားသူမို့ ဆာကူရာ ဦးဌေးအောင်
အဖြစ်လည်း လူသိများပါတယ်။

သူဟာ အရှေ့ပိုင်းခရိုင်က ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ ကော်မတီဝင်အဆင့်အတွက် ယှဉ်ပြိုင်မယ့်သူလည်းဖြစ်ပါတယ်။

အရပ်အခေါ် စည်ပင်ရွေးကောက်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်နေသူ အငြိမ်းစား အရာရှိကြီးတွေ၊
နိုင်ငံရေးသမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့အတူ စီးပွားရေးလုပ်ငန်းရှင်တွေလည်း
ပါ၀င်နေပါတယ်။

ဦးဌေးအောင် ကတော့ သူတို့ထဲက တစ်ယောက်ပါပဲ။

"ကျွန်တော့် လုပ်ငန်းတွေထဲမှာ စည်ပင်နဲ့ ပတ်သက်တဲ့ လုပ်ငန်းမျိုးရှိတယ်ဆိုရင်လည်း
နည်းမှန်လမ်းမှန်ပဲ တင်ပါတယ်။ အဲဒီတော့ ကိုယ်တိုင်လည်း စနစ်ရဲ့ ကြန့်ကြာမှုတွေ၊ ဒုက္ခတွေ
ကြံုနေရတယ်။ အခု ဒါတွေပြောင်းပစ်ဖို့ အချိန်တန်ပြီ"လို့ ဦးဌေးအောင် က ကိုယ်စားလှယ်လောင်း
အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ဖို့ ဖြစ်လာခဲ့ပုံကို ပြောပြတယ်။

"တကယ်တော့ စနစ်တွေက နိုင်ငံခြားနဲ့ သိပ်ကွာလှတာတော့ မဟုတ်ဘူး။ ရှိသင့်ရှိ ထိုက်တဲ့
စနစ်တွေ ကျွန်တော်တို့ဆီမှာလည်း ရှိပါတယ်။ မူလည်းရှိပြီးသား၊ စနစ်လည်း ရှိပြီးသား၊
လူပဲပြောင်းဖို့လိုနေတာ"လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် လူတွေထဲ စီးပွားရေး လုပ်ငန်းရှင်တွေသာမက ဆောက်လုပ်ရေး
လုပ်ငန်းရှင်အချို့လည်း ပါ၀င်နေမှုဟာလည်း ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိနေမလားလို့
စဉ်းစားစရာပါပဲ။

ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ရင် စောင့်ကြည့်လေ့လာတဲ့ အလွတ်တန်း သုတေသီ ဖြစ်သူ
ကိုအောင်ထွန်း ကတော့ အဆောက်အအုံခွင့့်ပြုမိန့်တွေ၊ တည်ဆောက်ခွင့်လိုင်စင်တွေနဲ့
ပတ်သက်ရင် လုပ်ပိုင်ခွင့်ရ အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြို့တော်စည်ပင်ဟာ စီးပွားရေး
လုပ်ငန်းရှင်တွေ မျက်စိကျစရာလည်း ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။

"ဆောက်လုပ်ရေးနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဒီရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရတဲ့
အကြောင်းရင်း အများကြီး ရှိနိုင်ပါတယ်။ ကိုယ်ကျိုးအတွက်လည်း ဖြစ်နိုင်သလို မြို့အတွက်
တကယ်ကို လုပ်ပေးချင်တဲ့စိတ်ရှိလို့၊ လုပ်ပေးနိုင်တဲ့ ခွန်အားရှိလို့ လည်းဖြစ်နိုင်တယ်။ ဘာကို
ဘယ်လိုလုပ်ပေးချင်တာလဲဆိုတာကိုတော့ ကျွန်တော်တို့ တိတိကျကျ မသိနိုင်ဘူး။ အဓိက
ပြဿနာက အဲဒါလို့ မြင်ပါတယ်။ ကိုယ်စားလှယ်တွေမှာ သူတို့ အကြောင်းကို လူသိအောင်
ပြောဖို့ မဲဆွယ်ချိန် မလုံလောက်ဘူး။ မီဒီယာကလည်း မေးဖို့ အချိန်မရှိဘူး"လို့ သူက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစားဥပဒေအရာရှိ တစ်ဦးကတော့
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရွေးကောက်ခံရရင်လည်း မိမိရဲ့ စီးပွားရေးလုပ်ငန်းတွေကို
ဆက်လက်စွက်ဖက်ဖို့ မသင့်ဘူးလို့ ဆိုပါတယ်။

မြို့တော်စည်ပင်ရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ နည်းဥပဒေတွေမှာ အားနည်ချက်တွေရှိနေတာ
မှန်ပေမယ့် ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်က ရပ်စဲခံရနိုင်တဲ့အထိ စည်းကမ်းချက်တွေ
အရေးယူမှု ပုံစံတွေ ပါတာကြောင့် စိတ်ပူဖို့မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး
က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"နည်းဥပဒေ အခန်း ၂၀၊ အပိုဒ် ရ၀ မှာ မိမိ ကိုယ်ကျိုးအတွက် အလုပ်လုပ်ရင် တာဝန်က
ရပ်စဲနိုင်တဲ့အထိ စည်းကမ်းချက်နဲ့ အရေးယူ ပုံစံတွေ ရှိပါတယ်"လို့ သူက ပြောပါတယ်။

အရှေ့ပိုင်းခရိုင်မှာ ကော်မတီအဆင့်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ဟာ
ဦးဌေးအောင် အပါအဝင် ၁၃ ဦး ရှိပါတယ်။

အဲဒီထဲကမှ စီးပွားရေးလုပ်ငန်းရှင်က သုံးဦးဖြစ်ပြီး ခိုင်ခိုင်ကျော် ထမင်းဆိုင်များရဲ့ အုပ်ချုပ်မှု
ဒါရိုက်တာ ဦးကျော်မြတ်မိုး လည်း အပါအဝင်ဖြစ်ပါတယ်။

ဦးကျော်မြတ်မိုး ကတော့ မြို့တော်စည်ပင်ရဲ့ လုပ်ငန်းသဘာဝဟာလည်း ပြည်သူကို
၀န်ဆောင်မှုပေးရတဲ့ လုပ်ငန်းလို့ ခံယူထားပြီး သူရဲ့ လက်ရှိလုပ်ငန်းကလည်း ၀န်ဆောင်မှုပေးရတဲ့
လုပ်ငန်းဖြစ်တဲ့အတွက် စည်ပင်ရဲ့ ၀န်ဆောင်မှု အားနည်းချက်တွေကို ပြုပြင်ချင်တယ်လို့
ဆိုပါတယ်။

"ရေမြောင်းတွေ ဖော်ရတယ်ဆိုရင် အညစ်အကြေးတွေကို အိမ်ရှေ့တွေမှာ၊ လမ်းတွေမှာ
ပုံထားခဲ့တယ်။ သစ်ကိုင်းခုတ်ရင် လမ်းဘေးမှာပဲ ခုတ်ချပြီး ပုံထားခဲ့တယ်။ ဒါ၀န် ဆောင်မှု
မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

လာမယ့် ရက်အနည်းငယ်အတွင်းမှာပဲ မြို့တော်စည်ပင်ရဲ့ ရွေးကောက်ပွဲကြီး ကျင်းပတော့မှာ
ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း အသီးသီးကလည်း မိမိတို့ တတ်စွမ်းသလောက်
မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီ။ ပြည်သူတွေ ဘယ်သူ့ကို ရွေးမလဲကတော့
နှစ်သစ်မကူးပြောင်းခင်မှာပဲ အဖြေထွက်လာတော့မှာပါ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး