ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံးစိုက်ရာ ရန်ကုန်မြို့တော်ခန်းမ ၀င်ပေါက်ကို
ပိတ်ဆို့ဆန္ဒပြနေကြသူများ ကို ဥပဒေအရ အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့က ခေါ်ယူဆွေးနွေးအပြီး
၁၅ နာရီခန့် အကြာတွင် ထိန်းသိမ်းခေါ်ဆောင်သွားကာ သပိတ်စခန်းကို ဖယ်ရှားခဲ့သည်။
"မနက်တုန်းက သပိတ်စခန်းက ခေါ်သွားတဲ့သူ ၁၄ ယောက်ကို တရားရုံးကို တရားစွဲသွားဖို့အတွက်
ခေါ်ထားတာပါ။ ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့အတွက် တရားရုံးကို
ပို့ဆောင်သွားမှာပါ" ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်က ယခုလ ၂၃ ရက်နေ့
က ပြောသည်။
"အခု ကျောက်တံတား တရားရုံးကို ရောက်နေပါပြီ။ အကုန်လုံး ၁၄ ယောက်ကို ခေါ်သွားတယ်။
မနက် အစောကြီး ၅ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေ လာခေါ်သွားတယ်။ ၀ရုန်းသုံးကားတော့
ဖြစ်သွားတယ်။ အာမခံရတဲ့ အမှုလို့ ပြောခဲ့ပေမယ့် ကိုဟာကိုယ် ခံဝန်ချက်လို့လည်းပြောပါတယ်။
အခုထိတော့ ဘာမှမသိရသေးဘူး။ သူတို့တွေ ဘယ်လို့ဆက်လုပ်မယ်ဆိုတာကိုလည်း
မသိသေးပါဘူး" ဟု ဆန္ဒဖော်ထုတ်သူ ဒေါ်အေးမိ ကပြောသည်။
မိကျောင်းကန်ရှိ သိမ်းဆည်းခံရသည့် မြေများပြန်လည်ရရှိရန် ဗန္ဓုလပန်းခြံအနီး သပိတ်စခန်း
ဖွင့်လှစ် ဆန္ဒပြနေသူများသည် ယခုလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်မှစတင်ကာ
မြို့တော်ခန်းမ ၀င်ပေါက်ကို ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။
၎င်းတို့သည် ၀င်ထွက်တံခါး ပေါက်ကို ပိတ်ဆို့ခြင်း၊ ဖယောင်တိုင်များ ကိုင်ဆောင်ခြင်းများ
ပြုလုပ်ကာ အော်ဟစ်ခြင်းများ ပြုလုပ်လျက်ရှိပြီး စည်ပင်သာယာရေးကော်မတီဝင်များ
လုပ်ငန်းဆောင်ရွက်နိုင်ရန် အဟန့်အတားဖြစ်ပေါ်ခြင်းကြောင့် ဥပဒေအရ အရေးယူပေးရန်
တိုင်ကြားခဲ့ခြင်းဖြစ်ကာ ကျောက်တံတားမြို့မရဲစခန်း က (ပ)၅၀၃/၁၄၊ ပြစ်မှုပုဒ်မ ၃၄၁ အရ
အမှုဖွင့်ခဲ့သည်။
















