ကြိုတင်ငွေဖြည့်ကတ်ဖြစ်သော အိုင်ပေးစနစ်ကို အသုံးပြု၍ ဒဂုံတက္ကသိုလ်နှင့် ဆူးလေပြေးဆွဲမည့်
အမြဲစိမ်း(၁) အထူးယာဉ်လိုင်းကို ယခုလ ၁ ရက်နေ့တွင် စတင်ပြေးဆွဲနေပြီဖြစ်သည်။
အမြဲစိမ်း ကုန်းလမ်းပို့ဆောင်ရေး ကုမ္ပဏီလီမိတက် (Forever Green Road Transport
Co.,Ltd) က ရ၀ ရာခိုင်နှုန်းနှင့် ကုန်းလမ်းပို့ဆောင်ရေးမှ ၃၀ ရာခိုင်နှုန်းပါ၀င်ကာ
ပူးပေါင်းပြေးဆွဲမည့် အဆိုပါ ယာဉ်လိုင်းကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ကတည်းက ပြင်ဆင်ခဲ့ခြင်း
ဖြစ်သည်။
"ကျွန်တော်တို့က ခရီးသည်တွေ အန္တရာယ်ကင်းရေးနဲ့ သက်သောင့် သက်သာဖြစ်ရေးကို
အဓိကထားမှာ ဖြစ်ပါတယ်။ ပြိုင်မမောင်းရဘူး။ ပြီးတော့ အချိန်မှန်ရမယ်။ ပြီးတော့
ယာဉ်နောက်လိုက်တွေရဲ့ အငေါက်အငမ်းလည်း မခံရတဲ့ စနစ်မျိုးကို လုပ်မှာပါ။ ပြီးတော့
ကားတွေကလည်း ဒီရောက်မှ စီအင်န်ဂျီနဲ့ ပြေးလို့ရအောင် လုပ်တာမဟုတ်ဘဲ မူလ
၀ယ်ကတည်းက စီအင်န်ဂျီအိုး တပ်ဆင်ပြီးသားဖြစ်တယ်။ ဒါကြောင့် ထိုင်ခုံတွေက
သက်သောင့်သက်သာ ရှိတယ်"ဟု ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးခင်မောင်ဦး ကပြောသည်။
လက်ရှိတွင် ကား ၂၅ စီးဖြင့် ပြေးဆွဲမည်ဖြစ်ကာ ကားတစ်စီးလျှင် ထိုင်စီးခရီးသည်
၃၈ ယောက်ခန့်နှင့် မတ်တပ်ရပ် ခရီးသည်အပါအဝင် စုစုပေါင်း ၅၀ ဦးခန့်သာ တင်ဆောင်မည်
ဖြစ်သည်။
ထို့ပြင် မှတ်တိုင် ၁၂ တိုင်တွင်သာ ခရီးသည် တင်ချပြုလုပ်သွားမည်ဖြစ်သည်။
"လိုရာခရီးကို မြန်မြန်ရောက်စေဖို့ မှတ်တိုင်တိုင်း မရပ်တာဖြစ်ပါတယ်။ ကား အားလုံး
အဲကွန်းပါမယ်။ ကားကိုတော့ ၁၀ မိနစ်ခြား တစ်စီးလွှတ်ပေးမယ်" ဟု ဦးခင်မောင်ဦး က
ပြောသည်။
ခရီးစဉ်ပိုင်းဖြတ်မှုမှာ ကျပ် ၅၀ မှ စတင်ခါ ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၅၀ ဖြင့် ခရီးစဉ်စဆုံး
ကျပ် ၃၀၀ သတ်မှတ်ထားသည်။
ခရီးသည်မှ အိုင်ပေးကတ် အသုံးပြုရာတွင် မှတ်တိုင်အလိုက် ငွေပေးချေနိုင်ရန် ယာဉ်အကူမှ
ဆောင်ရွက်ပေးမည် ဖြစ်ပြီး သုံးစက္ကန့်အတွင်း လက်ခံဖြတ်ပိုင်း ပြန်လည်ရရှိရန်
ဆောင်ရွက်ထားသည်။
ယာဉ်အကူများအဖြစ် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦးတို့က အိုင်ပေးစနစ် အသုံးပြုနိုင်ရန်
အတွက် ကူညီပေးသွားမည်ဖြစ်သည်။
ယာဉ်လုပ်သားနှင့် ယာဉ်အကူများကို ကုမ္ပဏီက လစာပေးစနစ်ဖြင့် ခန့်ထားမည်ဖြစ်ကာ
ယာဉ်ပြေး ဆွဲရသည့် ခေါက်ရေအလိုက် ခေါက်ကြေးများလည်း ပေးသွားမည်ဖြစ်သည်။
















