ရန်ကုန်လူထု၏ သုံးပုံတစ်ပုံ စည်ပင်ရေ မရသေး

ရန်ကုန်လူထု၏ သုံးပုံတစ်ပုံ စည်ပင်ရေ မရသေး

ရန်ကုန်လူထု၏ သုံးပုံတစ်ပုံသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက
ဖြန့်ဝေလျက်ရှိသော ရေကို မရရှိသေးကြောင်း အဆိုပါဌာန၏ ရေနှင့်သန့်ရှင်းမှု အင်ဂျင်နီယာဌာန
တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖြန့်ဝေပေးနေသော ရေသည် မြို့နေလူဦးရေ၏
၆၇ ရာခိုင်နှုန်းကို လွှမ်းခြံုထားကြောင်း လက်ထောက်အင်ဂျင်နီယာမှူး ဦးမျိုးသိန်း က ဒီဇင်ဘာလ
၂၃ ရက် က မြန်မာတိုင်း(မ်)ကိုပြောသည်။

"ကျန်တဲ့ သူတွေကတော့ ရေရယူသုံးစွဲပုံ အမျိုးမျိုးရှိတာပေါ့။ တချို့က အဝီစိတွင်းစမ်းတူးတဲ့
သူရှိတယ် ပြီးရင် သူတို့အရည်အသွေးစစ်တယ်၊ သောက်သုံးဖို့ သင့်တယ်ဆိုရင် တွင်းရေကို
သုံးတယ်။ ရန်ကုန်တစ်ဖက်ကမ်းက ဆိပ်ကြီးခနောင်တိုနဲ့ ဒလ တို့လိုမြို့နယ်တွေ၊ ကြည့်မြင်တိုင်
တစ်ဖက်ကမ်းက သူတွေအတွက် ကျွန်တော်တို့ ပိုက်လိုင်းနဲ့ ပေးတာရှိသလို၊ သူတို့ဘာသာ
ကန်တွေကနေ သုံးတာရှိတယ်"ဟု ၎င်းက ပြောသည်။

တရားဝင် ထုတ်ပြန်ချက်များအရ မြို့ တော်စည်ပင်သည် ရန်ကုန်လူထုအတွက် နေ့စဉ်ရေဂါလန်
သန်း ၂၀၀ ကျော် ပေးဝေလျက်ရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ ရန်ကုန်မြို့၏ မြို့ပြဧရိယာတွင် နေထိုင်သူ
၅ ဒသမ ၄ သန်းကျော်ရှိသဖြင့် စည်ပင်ရေကို သုံးစွဲခွင့် မရသေးသူ ၁ ဒသမ ၈ သန်းခန့် ရှိမည်
ဖြစ်သည်။

အချို့မြို့နယ်များတွင် ရေသွယ်တန်းမှု အသစ်များ ထပ်မံခွင့်မပြုတော့သဖြင့် မြေအောက်ရေကို
ထုတ်ယူသုံးစွဲရခြင်းမှာ ရေရှည်တွင် မြေကျွံခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ဖြစ်လာမည်ကို
စိုးရိမ်ရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသာအေး ကပြောသည်။

"မြေအောက်မှာရှိတဲ့ ရေလွှာတွေကို အကုန်ထုတ်သုံးလိုက်ရင် ကြာရင် ဂလုံးခနဲဆိုပြီး နိမ့်သွားမှာ။
မြေအောက်ရေက အတိုင်းအတာရှိတယ်၊ အဲဒါထက်ကျော်လို့ မရဘူး"ဟု ၎င်းကပြောသည်။

မြေအောက်ရေကို ယာယီသာ သုံးစွဲသင့်ပြီး မြို့ပြရေပေးဝေရေးစနစ်ကို အဓိကထား
လုပ်ဆောင်သင့်သည်ဟု မြို့ပြနှင့် အိုးအိမ်ဖွ့ံဖြိုးရေးဌာနက အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး
ဒေါ်သန်းသန်းစိုး က ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် "Save the Yangon" ဆွေးနွေးပွဲတွင်
ပြောကြားခဲ့ဖူးသည်။

"မြေအောက်ရေကို နေရာအနှံ့သုံးလာပါက မြေအောက်ရေ ကျလာတာနဲ့အမျှ ဒီရေရှိတဲ့
ငမိုးရိပ်ချောင်းတို့ ရန်ကုန်မြစ်တို့က ပင်လယ်ရေတွေ ၀င်လာရင် ရေငံတွေဖြစ်ကုန်၊ မြေဆီတွေ
ပျက်စီးကုန်ပြီး ရေချိုရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် မြေအောက်ရေဟာ ရေရှည်သုံးဖို့
မဖြစ်နိုင်ဘူး။ သူက ယာယီနဲ့ အရေးပေါ်အခြေအနေအတွက်ပဲ သုံးသင့်တယ်"ဟု ၎င်းက
ပြောသည်။

ရန်ကုန်မြို့၌ ရေပေးဝေမှု မလုံလောက်ရခြင်းမှာ ပေးဝေသည့်ရေ၏ ထက်ဝက်ခန့် လေလွင့်
ဆုံးရှုံးနေရခြင်းကြောင့်ဖြစ်သည်ကို ၎င်းတို့ သိရှိထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရေသွယ်တန်းမှုအသစ်များကို မြို့နယ်အချို့၌ ဆိုင်းငံ့ထားရခြင်းမှာ လက်ရှိအချိန်တွင် မူလက
ရေသွယ်တန်းခွင့်ပေးထားပြီး ဖြစ်သော သူများကို မထိခိုက်စေရန် ဖြစ်သည်ဟု ဦးမျိုးသိန်း
ကပြောသည်။

"အချို့မြို့နယ်တွေကျတော့ ရေပို့လွှတ်တဲ့ ပိုက်ကြီးတွေနဲ့ အလှမ်းဝေးကြတယ်။ အဲဒီတော့
ရေအားနည်းနည်း လျော့တယ်။ ဥပမာအားဖြင့် မူလက အိမ်တစ်အိမ်ကို ပေးထားရာကနေ
နောက်ထပ် နှစ်အိမ်၊ သုံးအိမ်၊ လေးအိမ်ထပ်ပေးရင် မူလအိမ်မှာပါ ရေအားနည်းသွားစေတာမျိုး
ဆိုတော့ ကျွန်တော်တို့ ထိန်းထားတာပါ" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လဂွန်းပြင်ရေပေးဝေရေး စခန်းကို
တည်ဆောက်လျက်ရှိရာ ၂၀၁၈ ခုနှစ်ခန့်တွင် ပြီးစီးပါက ထိုအကျပ်အတည်းသည် တဖြည်းဖြည်း
ပြေလည်လာမည်ဖြစ်ကြောင်း ရေနှင့် သန့်ရှင်းမှုဌာန ဒုတိယ အင်ဂျင်နီယာမှူး ဦးမျိုးသိန်း
ကပြောသည်။

ထို့ပြင် ကုက္ကိုခွနှင့် တိုးမြစ်တို့ကလည်း မြစ်ရေများ သွယ်ယူသန့်စင်ပြီး ဖြန့်ဝေပေးနိုင်ရန်
စီမံကိန်းများ လုပ်ဆောင်နေသဖြင့် ရန်ကုန်မြို့ကို အရပ်မျက်နှာအစုံက ရေပေးဝေနိုင်ရန်
အစီအစဉ်များ လုပ်ဆောင်နေပြီဖြစ်သည်ဟုလည်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး